တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် ဇူလိုင်လ ၁ ရက်နေ့က စစ်တွေဆေးရုံတွင် သေဆုံးသွားသည့် ကိုဇော်ဝင်းလှိုင်အား ၄င်းမသေဆုံးမီ နာရီပိုင်းအလို၌ တွေ့ရစဉ်။ ဓာတ်ပုံ - ခိုင်ရိုးလ/ DMG

ခင်သရဖီဦး| DMG

ဇူလိုင် ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ပြီး သံသယဖြင့် တပ်မတော်က စစ်ဆေးစဉ် လူသေဆုံးမှုများ ဖြစ်ပေါ်နေသဖြင့် မြေပြင်သို့ ကွင်းဆင်းစစ်ဆေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်(MNHRC)ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦထွန်းဝင်းက တိုက်တွန်းလိုက်သည်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ လူ(၃)ဦး၊ ကျောက်တော်မြို့နယ်မှ လူ (၁) ဦး သေဆုံးမှုဖြစ်ပွားခဲ့သောကြောင့် လူ့အခွင့်အရေးနှင့်အညီ ကူညီဆောင်ရွက်ပေးရန် ဦးဦးထွန်းဝင်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်ကို ပြီးခဲ့သည့်ဇွန်လက တင်ပြခဲ့သည်။

ထိုကိစ္စကို လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ရန် ဆုံးဖြတ်ခဲ့ပြီး  အရေးယူဆောင်ရွက်ထားမှု အခြေအနေကို ပြန်ကြားပေးရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၂ ရက်နေ့တွင် MNHRC က ပေးပို့ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင် (MNHRC) အနေဖြင့် မျှတမှု ရှိစေရန်အတွက် မြေပြင်အထိ ကွင်းဆင်းပြီး သေဆုံးသူ၏မိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ဦးဦးထွန်းဝင်းက ပြောသည်။

“နိုင်ငံတစ်ခုမှာရှိတဲ့ အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုနဲ့အညီ ဂုဏ်သိက္ခာနဲ့အညီ မိသားစုတွေ၊ ဒေသတွေကို သွားပြီးတော့ အဲဒါနဲ့ ဆက်စပ်တဲ့သူတွေကို ကြားနာမှုတွေ၊ ဆွေးနွေးမှုတွေ အခြေခံကျကျ လုပ်သင့်တယ်လို့ ယူဆတယ်။ လောလောဆယ်တော့ လုပ်ချင်တော့လုပ်ဖို့။ လုပ်ဖို့ မလုပ်ဖို့ကတော့ သူတို့အပိုင်းပါ။ သို့သော် ဒါက လုပ်သင့်တဲ့ ကိစ္စတစ်ခုလို့ ကျနော်တို့မြင်တယ် ”ဟု ၎င်းကဆိုသည်။

စစ်ဆေးစဉ် သေဆုံးသူများကိစ္စကို လူ့အခွင့်အရေးနှင့်အညီ ကူညီဆောင်ရွက်ပေးရန်အတွက် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် တိုင်ကြားစာကော်မတီကိုလည်း တင်ပြခဲ့သည်ဟုလည်း ဦးဦးထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်က AA နှင့်ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးနေစဉ်အတွင်း သေဆုံးသူ ၁၅ ဦးအထိရှိသည်။ စစ်ဆေးနေစဉ် သေဆုံးမှုနှင့်ပတ်သက်ပြီး အမှန်အတိုင်း ပေါ်ပေါက်စေရန် ဇူလိုင်လ ၁၂ ရက်နေ့က စတင်ကာ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

Author: ခင်သရဖီဦး