DMG | ဖေဖော်ဝါရီ ၂

ဝန်ကြီးဌာန ၁၁ ခု၏ ပြည်ထောင်စုဝန်ကြီးများကို အသစ်ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း တပ်မတော်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာကိုကျင့်သုံးလျက် ပြည်ထောင်စု ဝန်ကြီး ၁၁ ဦးအား ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယင်းသို့ခန့်အပ်ရာတွင် ဦးဝဏ္ဏမောင်လွင်(နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် (ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် (နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးဝင်းရှိန် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန)၊ ဦးအောင်နိုင်ဦး (ရင်းနှီးမြုပ်နှံမူနှင့် နိုင်ငံခြားစီပွားရေး၊ ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးကိုကိုလှိုင် (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)၊ ဦးချစ်နိုင်(ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးကိုကို (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဦးမြင့်ကြိုင် (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန)၊ ဒေါက်တာသက်ခိုင်ဝင်း (ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)တို့အား ခန့်အပ်တာဝန် ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ၎င်းတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ပေးအပ်ထားသည်။

ယင်းအပြင် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီး ၂၄ ဦးတို့အား တာဝန်မှရပ်စဲကြောင်းလည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

တပ်မတော်မှ နိုင်ငံတော်အား အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာထားပြီး ယခင်ဒုတိယသမ္မတ(၁) ဖြစ်သည့် ဦးမြင့်ဆွေကို ယာယီသမ္မတခန့်အပ်ထားသည်။ ယာယီသမ္မတမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင် ရသည့်ပါတီအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာထားသည်။

Author: Admin