မြေနီတောင်သည် မာန်အောင်မြို့၏ သမိုင်းဝင် တောင်တစ်တောင်ဖြစ်သဖြင့် ဘုရားဖူးများနှင့် လေ့လာရေးလာရောက်သူများ နှစ်စဉ်လာရောက်လေ့ရှိသည်။

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၂၄ ၊ မာန်အောင်

မာန်အောင်မြို့နယ်အတွင်းရှိ အထင်ကရနေရာတစ်ခုဖြစ်သော မေဃဝတီမြေနီတောင်သို့ သွားသည့်လမ်းကို ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နှစ်စဉ်ပြုပြင်နေရကြောင်း သိရသည်။

အဆိုပါ မြေနီတောင်သွားရာလမ်းကို ဘုရားဖူးများ သွားလာရေးလွယ်ကူစေရန် အလှူငွေများကောက်ခံကာ ပြုလုပ်နေရသည်ဟု စေတနာရှင်လူမှုကူညီရေးအဖွဲ့မှ ဦးကျော်မိုးနိုင် ကပြောသည်။

“ရာသီဥတုကောင်းမွန်လာပြီဆိုတော့ ဘုရားဖူးတွေရောက်လာတော့မှာလေ၊ အခု လမ်းတွေက ကားတွေ၊ ဆိုင်ကယ်တွေ သွားလာဖို့မလွယ်ကူဘူး။ အဲဒါကြောင့် ဘုရားဖူးတွေ သွားလာရေးလွယ်ကူဖို့အတွက် ကျနော်တို့အဖွဲ့က ရသလောက်အလှူငွေနဲ့ ကိုယ်တိုင်လုပ်နေကြတာ” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ မြေနီတောင်သွားလမ်းပြုပြင်ရန်အတွက် အလှူငွေ ၈ သိန်းရရှိထားပြီး ငွေ ၅ သိန်းခန့် ထပ်မံလိုအပ်သေးသည်ဟု ဦးကျော်မိုးနိုင်က ဆိုသည်။

မြေနီတောင်သည် မာန်အောင်မြို့၏ သမိုင်းဝင် တောင်တစ်တောင်ဖြစ်သဖြင့် ဘုရားဖူးများနှင့် လေ့လာရေးလာရောက်သူများ နှစ်စဉ်လာရောက်လေ့ရှိသည်။

အစိုးရအနေဖြင့် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန် မြေနီတောင်သွားလမ်းကို ကောင်းမွန်စွာပြုလုပ်ပေးရန်လိုအပ်ပြီး လမ်းပြုလုပ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်လိုကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူ ကိုဇွဲရန်နိုင်က ပြောသည်။

“ဒီတောင်က ကျနော်တို့မာန်အောင်မှာ သမိုင်းဝင်တောင်တစ်တောင်ဖြစ်တယ်။ ဒါကြောင့် ဘုရားဖူးသူတွေ၊ လေ့လာသူတွေလည်း အများအပြားလာကြတယ်။ အဲဒါကြောင့် သွားတဲ့လမ်းကို အစိုးရအနေနဲ့ ကူညီဆောင်ရွက် ပေးဖို့လိုအပ်တယ်။ ပြီးတော့ မြေနီတောင်အနီးက သစ်ပင်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ မခုတ်ဖို့လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ မြေနီတောင်သွားလမ်းရှိ ပျက်စီးနေသည့်နေရာများကို သဲ၊ ကျောက်များဝယ်ယူကာ ပြုလုပ်လျက်ရှိပြီး မြေနီတောင်သွားလမ်းကောင်းမွန်ရေးအတွက် အလှူရှင်များ ထပ်မံလိုအပ်နေသေးကြောင်း သိရသည်။

Author: Admin