နေရောင်မင်း | DMG
ဧပြီ ၂၂ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဒေသခန့်ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် သေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က ကြေငြာသည်။
မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်ရစ်သူမိသားစုတို့အား အထူးစာနာထောက်ထား ဝမ်းနည်းကြေကွဲမိပါကြောင်း ဖော်ပြလိုသည်ဟုလည်း ဆိုထားသည်။
COVID-19 ကပ်ရောဂါအား တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ကူညီပံ့ပိုးရန် လူသားချင်းစာနာထောက်ထားမှုတာဝန် ထမ်းဆောင်နေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မော်တော်ယာဉ်တစ်စီးအပေါ် ယင်းသို့သော ပြစ်တင်ရှုံ့ချဖွယ်ရာလုပ်ရပ် ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာအစိုးရအနေဖြင့် များစွာ စိတ်မကောင်းဖြစ်မိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အစိုးရအနေနဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရေးအတွက်လည်းကောင်း၊ ယခုကဲ့သို့ ရှုံ့ချဖွယ်လုပ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ ကာကွယ်တားဆီးရေး အတွက်လည်းကောင်း၊ ဆောင်ရွက်သွားဖို့ ခိုင်မာစွာ ဆုံးဖြတ်ထားပါကြောင်း ဖော်ပြအပ်ပါတယ်”ဟု နိုင်ငံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာအစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့များကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများ ရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါဘေး ကျော်လွှားနိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အတူတကွ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထား သည်။
ဧပြီလ ၂၀ ရက်နေ့က ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာ ခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန်သွားသည့် WHO ကားသည် မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ပစ်ခတ်ခံခဲ့ရပြီး WHO ၏ ဒေသခန့်ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်မှာ သေဆုံးသွားကာ ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးမှာ ဒဏ်ရာရရှိသွားသည်။
“စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြည့်ပြည့်ဝဝဆောင်ရွက်ရန်နဲ့ ကျူးလွန်သူတွေကို တရားဥပဒေအတိုင်း စီမံဆောင်ရွက်ပေးပါရန် အာဏာပိုင်တွေကို မိမိတို့ တိုက်တွန်းပါတယ်”ဟုလည်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် WHO ကားကို မည်သူပစ်ခတ်ခဲ့ကြောင်း ဖော်ပြမထားပေ။ သို့သော် အစိုးရပိုင်သတင်းစာများနှင့် တပ်မတော်ကမူ AA က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ထုတ်ပြန်ထားကြသည်။
မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်လိုက်မှုကြောင့် ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ပိုများလာကာ လက်ရှိတွင် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်အထိ ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။




