စိမ်းကိုကို| DMG

ဇွန် ၂၂၊ စစ်တွေ

စာရေးဆရာ သောင်းဝေဦးရေးသားထုတ်ဝေသည့် “ရခိုင်ပြည်နယ်အတွင်းမှ AA တို့တိုက်ခဲ့သော တိုက်ပွဲများနှင့် AA သမိုင်းကြောင်း သိကောင်းစရာများ” စာအုပ်တွင် ပါဝင်သည့် ဓာတ်ပုံအချို့ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့သဖြင့် ဥပဒေအရ အရေးယူနိုင်ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့သည်။

စာရေးဆရာ သောင်းဝေဦး ရေးသားပြီး မြရတနာစာပေမှ ထုတ်ဝေဖြန့်ချိထားသော “ရခိုင်ပြည်နယ်အတွင်းမှ AA တို့တိုက်ခဲ့သောတိုက်ပွဲများနှင့် AA သမိုင်းကြောင်းသိကောင်းစရာများ“ စာအုပ်တွင် “AA တိုက်ခဲ့သော တိုက်ပွဲမှတ်တမ်း ဓာတ်ပုံများ” ကဏ္ဍ၌ ခွင့်ပြုချက်မတောင်းခံဘဲ စီးပွားဖြစ်ထုတ်ဝေဖြန့်ချိသော ပုံနှိပ်စာအုပ်တွင် မိမိဓာတ်ပုံများအား အသုံးပြုထားပြီး အဆိုပါဓာတ်ပုံမှာ နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ညစာစားပွဲသို့ တက်ရောက်စဉ် ဒေါက်တာညိုထွန်းအောင်တို့ အမှတ်တရ ရိုက်ခဲ့သော ဓာတ်ပုံဖြစ်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။

အဆိုပါ စာအုပ်၏ စာမျက်နှာ ၆၄ တွင် “AA ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင်၏ မိန်းမသည် ရခိုင်လွှတ်တော်အမတ် ဖြစ်နေခြင်း” ဟု ဖေါ်ပြရေးသားခြင်းမှာ မဟုတ်မမှန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားထားခြင်းဖြစ်ကာ မဲဆန္ဒရှင်ပြည်သူများ အထင်အမြင် လွဲမှားနိုင်ပြီး မိမိအား ကိုယ့်ကျင့်သိက္ခာ ကျဆင်းအောင် ရေးသားခြင်းမျိုးဖြစ်သည်။ ယင်းသို့ မဟုတ်မမှန် ရေးထားထုတ်ဝေ ဖြန့်ချီခြင်းသည် လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို လွန်စွာထိခိုက်စေပြီး မြန်မာနိုင်ငံ၏ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာကို လွန်စွာထိခိုက်စေပြီး မြန်မာနိုင်ငံ၏  ဥပဒေပြုလွှတ်တော်ကိုပါ မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်ကြောင်း တိုင်ကြားစာ၌ ဖော်ပြထားသည်။

 “ဒီလိုမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်၊ အမျိုးသမီးတစ်ဦးဖြစ်တယ်။ နောက်တစ်အခုလို တိုးတက်လာတဲ့ ခေတ်မှာ အမျိုးသမီးနဲ့ပတ်သက်ပြီး ရေးသားချက်ပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်၊ နိုင်ငံသားတစ်ဦးဖြစ်ဖြစ် ရေးသားချက်နဲ့ ပတ်သက်ပြီး မမှန်မကန် ရေးသားထုတ်ဝေခြင်းသည် ဒါ လူ့ဂုဏ်သိက္ခာကို ချိုးဖောက်ရာ ရောက်တဲ့အတွက်ကြောင့်မို့လို့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အများကြီး ထိခိုက်တယ်။ ဒီထိခိုက်ချက်ကို သူနေပြီးတော့ တာဝန်ယူရမယ်။ အဲဒါကြောင့် ဒီအကြောင်းအရာကို သတင်းမီဒီယာကောင်စီကို တိုင်ကြားတာဖြစ်ပါတယ် ”ဟု ဒေါ်ထုမေကပြောသည်။

သို့ဖြစ်ပါ၍ စာရေးသူနှင့် ထုတ်ဝေသူမှ တာဝန်ခံလျှက် စာအုပ်ဆက်လက်ဖြန့်ချိမှုကို ချက်ချင်းရပ်ဆိုင်းပြီး ဖြန့်ချိပြီး စာအုပ်များကို ပြန်လည်သိမ်းဆည်းပေးရန်၊ အမှားပြင်ဆင်ချက်များကို နိုင်ငံပိုင်မီဒီယာများမှ ကြေညာပေးရန်၊ ခွင့်ပြုချက်မတောင်းခံဘဲ မိမိဓာတ်ပုံအား စီးပွားဖြစ်ထုတ်ဝေဖြန့်ချိရာတွင် အသုံးပြုထားခြင်းအား တောင်းပန်ပေးရန်နှင့် ဆက်လက်ထုတ်ဝေခွင့်မပြုရန်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန်နှင့် အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သင့်လျော်သည့် တည်ဆဲမီဒီယာဥပဒေများအရ အရေးယူဆောင်ရွက်ပေးပါရန် ထုတ်ဝေဖြန့်ချိထားသော စာအုပ်မူရင်းအား ကိုးကားတင်ပြလျှက် မြန်မာနိုင်ငံမီဒီယာကောင်စီကို တိုင်ကြားထားခြင်းဖြစ်သည်။