မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၂၉ ၊ စစ်တွေ

ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ မြောက်ဦးယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အပြီးသတ်အဆိုပြုလွှာ တင်သွင်းခြင်းကို ကိုဗစ်နှင့် ဒေသမတည်ငြိမ်မှုများကြောင့် တစ်နှစ် နောက်ဆုတ်ခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောသည်။

ယင်း အပြီးသတ်အဆိုပြုလွှာကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းရမည်ဖြစ်သော်လည်း မြောက်ဦးနယ်မြေအတွင်း မငြိမ်မသက်မှုများနှင့် လတ်တလော ကိုဗစ်ကပ်ရောဂါတို့ကြောင့် သတ်မှတ်ချိန်အတွင်း မတင်သွင်းနိုင်ခဲ့ဘဲ တစ်နှစ်နောက်ဆုတ်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်များဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးစိုးထက်က “၂၀၁၉ ခုနှစ် ယူနက်စကိုဝင်နိုင်ဖို့အတွက် မူကြမ်းတင်ခဲ့တယ်။ ၂၀၂၀ မှာ အချောတင်ဖို့လုပ်တော့ နယ်မြေအနေအထား အခက်လေးတွေကြုံတွေ့ရတယ်။ ၂၀၂၁ မှာလည်း ဆက်ပြီးတော့အခက်အခဲဖြစ်သွားတယ်။ အဲဒါကြောင့် ၂၀၂၂ မှာတင်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ပြောသည်။

ယခုကဲ့သို့ အပြီးသတ်အဆိုပြုလွှာတင်သွင်းခြင်းကို နောက်ဆုတ်ထားရသော်လည်း ဆောင်ရွက်၍ရသည်များကို လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်(UNESCO)ဝင်ရောက်နိုင်ရေး အဆိုပြုလွှာ (မူကြမ်း)ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရမီမြို့၊ UNESCO World Heritage Center သို့ တင်သွင်းခဲ့သည်။

ယင်းနောက် အပြီးသတ်အဆိုပြုလွှာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းရန်စီစဉ်ခဲ့သော်လည်း ကွင်းဆင်း မစစ်ဆေးနိုင်ခဲ့သည့်အတွက် မတင်သွင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

“အပြီးသတ်အဆိုပြုလွှာကို ၂၀၂၀ ဇန်နဝါရီလမကုန်မီမှာ တင်သွင်းရမှာဖြစ်တယ်။ ဒါပေမဲ့လည်း လုံခြုံရေး အခြေအနေအရ မတင်သွင်းနိုင်ခဲ့ပါဘူး။ ဒီနှစ်မှာလည်း ကွင်းဆင်းစစ်ဆေးတာတွေ မလုပ်နိုင်ခဲ့တဲအတွက် မတင်သွင်းနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ယူနက်စကိုဌာနချုပ်မှာ ညှိနှိုင်းပြီး တစ်နှစ်နောက်ဆုတ်လိုက်ရတာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိမြောက်ဦးဒေသမှ ရှေးဟောင်းယဉ်ကျေးမှုနေရာများတွင် တိုက်ပွဲကြောင့်ထိခိုက်ပျက်စီးခြင်း၊ ကျူးကျော်နယ်မြေများကြောင့် ပျက်စီးလာခြင်းတို့ကြောင့် ရှေးဟောင်းအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရအနေဖြင့်ထိရောက်စွာဆောင်ရွက်သင့်ကြောင်း မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။

“မြောက်ဦးမြို့မှာ အခုတလော နေ့ချင်းညချင်း ယိုယွင်းပျက်စီးလာတယ်။ ဒါကြောင့်လည်း ကျမတို့အနေနဲ့  အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ ရှေးဟောင်းသုတေသနနေရာတွေမှာ တိုက်ပွဲကြောင့် ပျက်စီး သွားတာတစ်ခုရယ်၊ ကျူးကျော်မြေတွေကြောင့် ပျက်စီးသွားတာရယ်တစ်ခု တော်တော်လေး ဆိုးလာတယ်။ အခုလိုမျိုး ပျက်စီးလာတာတွေနဲ့ပတ်သက်လို့ အဓိကအရေးကြီးတဲ့နေရာတွေကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အစိုးရအနေနဲ့လည်း လိုအပ်တဲ့အက်ဥပဒေတွေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အစိုးရသက်တမ်း (၅)နှစ်တာကာလအတွင်း မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Author: Admin