သက်ပိုင် | DMG
သြဂုတ် ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အတွင်းမြောင်ရွာအနီးတွင် သြဂုတ် ၃ ရက် ည ၁၀ နာရီကျော်အချိန်က မွတ်ဆလင်အမျိုးသားနှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုတွင် သက္ကာယ်ပြင်ကျေးရွာနေ ကိုလိုလူယာဆိဒိခ် ၄၅ နှစ်မှာ ရင်ဘတ်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကာ ရာဘာကွင်းဒုက္ခသည်စခန်းတွင်နေထိုင်သူ ကိုအာဘူးကာ ၃၅ နှစ်မှာ နောက်စေ့မှ ကျည်ဖောက်ဝင်ကာ ယာဘက်မျက်လုံးမှဖောက်ထွက်သွားသည့် ဒဏ်ရာရရှိခဲ့ကြောင်း ကိုအာဘူးကာ၏ ယောက်ဖဖြစ်သူ ဦးရွှေမောင်ကဆိုသည်။

“ကျနော့်ယောက်ဖနဲ့ သေသွားတဲ့လူက ဥယျာဉ်သာရွာဘက်ကနေပြီးတော့ ရာဘာကွင်းဒုက္ခသည်စခန်းကို ညကိုးနာရီလောက်မှာ လာကြတယ်။ အတွင်းမြောင်ရွာနားရောက်တော့ သူတို့ကို ဟေ့ကောင်ဆိုပြီး သေနတ်နဲ့ ပစ်လိုက်တာလို့ မျက်မြင်တွေပြောလို့သိရတယ်” ဟု ဦးရွှေမောင်က ရှင်းပြသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူကို စစ်တွေဆေးရုံတွင်ဆေးကုသပေးလျှက်ရှိပြီး သေဆုံးသွားခဲ့သူကိုမူ သြဂုတ် ၄ ရက်နေ့က သဂြိုလ်လိုက်ပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

သို့သော် ၄င်းတို့နှစ်ဦး၌ ရရှိသည့်ဒဏ်ရာများမှာ သေနတ်ဒဏ်ရာများမဟုတ်ဘဲ ဓါးဖြင့် အခုတ်ခံရသည့် ဒဏ်ရာ များသာဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက RFA သတင်း ဌာနကို သြဂုတ်လ ၄ ရက်နေ့က ဖြေကြားထားသည်။

အဆိုပါဖြစ်စဉ်တွင် သက္ကာယ်ပြင်ကျေးရွာမှ အာလာမ်(၄၀)ခန့်နှင့် သက္ကာယ်ပြင်ဒုက္ခသည်စခန်းနေ ကော်ရိမ် (၄၀)နှစ်ခန့်တို့နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သက္ကာယ်ပြင်ဒုက္ခသည်စခန်းမှ အမည်မဖော် လိုသည့် တာဝန်ရှိသူတစ်ဦးကပြောသည်။

“အခုသူတို့ကိုရှာနေတာသုံးရက်ရှိပြီ၊ လက်ရှိ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့ဆီကတစ်ခုခု သိရနိုင်တာကြောင့် အခု သူတို့ကိုရှာနေတယ်” ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မရဲစခန်းမှ စခန်းမှူး ဦးအောင်မြဦးကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။

Author: Admin