- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
- ယူကရိန်းအတွက် အမေရိကန်လက်နက်များ နေတိုးမှတစ်ဆင့် ပေးမည်
- မိုးတွင်းကာလ ရခိုင်စစ်ရှောင်များ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရ
မအီမြို့တွင်ဖမ်းမိသည့် မွတ်ဆလင်လေးဦးကို တောင်ကုတ်မြို့နယ်လဝကမှ ထိန်းသိမ်းထား
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လင်းတိချောင်းအနီးမှ ဖမ်းဆီးရမိသည့် မွတ်ဆလင်လေးဦးအား တောင်ကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထိန်းသိမ်းထားကြောင်း သိရသည်။
19 Sep 2020
အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၁၉ ၊ မအီ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လင်းတိချောင်းအနီးမှ ဖမ်းဆီးရမိသည့် မွတ်ဆလင်လေးဦးအား တောင်ကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါ မွတ်ဆလင်လေးဦးကို စက်တင်ဘာလ ၁၄ ရက်နေ့က ဒေသခံတစ်ဦးမှတွေ့ရှိ၍ မအီမြို့နယ်မြေရဲ စခန်းသို့အကြောင်းကြားခဲ့သဖြင့် ယင်းရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် မွတ်ဆလင်လေးဦးကို တောင်ကုတ်မြို့နယ်လဝကသို့ စက်တင်ဘာလ ၁၄ ရက်နေ့က လွှဲပြောင်းပေးထားသည်ဟု မအီမြို့ နယ်မြေရဲစခန်းမှူး ရဲအုပ်ကိုကိုမင်းထွန်းက ပြောသည်။
“သူတို့က စက်လှေနဲ့လာတာလို့ပြောတယ်။ သဒွန်ကျေးရွာက တောင်ယာလုပ်နေသူတစ်ဦးက သူတို့ကိုတွေ့ပြီး ရဲစခန်းကို အကြောင်းကြားလာတယ်။ အဲဒီမှာ ကျနော်တို့သွားခေါ်ယူပြီး တောင်ကုတ်မြို့နယ်လဝကဆီကို လွှဲပြောင်းအပ်ပေးခဲ့တယ်” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးရမိသည့်မွတ်ဆလင် ၄ ဦးတွင် စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာမှသုံးဦးနှင့် မြောက်ဦးမြို့နယ် ချင်းတောင်ကျေးရွာမှ တစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။
လက်ရှိမှာ မွတ်ဆလင်လေးဦးကို တောင်ကုတ်မြို့နယ်၊ လဝကဦးစီးဌာနမှထိန်းသိမ်းထားပြီး ၎င်းတို့အား မည်သို့ဆောင်ရွက်မည်ကို အပေါ်သို့စာတင်ထားသည်ဟု တောင်ကုတ်မြို့နယ်လဝကဦးစီးမှူး ဦးသောင်းထွဋ်ဦးက ပြောသည်။
“ကျနော်တို့ ထိန်သိမ်းထားတယ်။ ပြီးတော့ သူတို့ကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုလဲ ကျနော်တို့ အထက်ကိုစာတင်ထားတယ်။ အခုက COVID-19 ကိစ္စနဲ့လဲဖြစ်နေတယ်ဆိုတော့ သူတို့ကိုသီးခြားထားပြီး ထိန်းသိမ်းထားတယ်” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးထားသည့်မွတ်ဆလင်လေးဦးမှာ စစ်တွေမြို့သက္ကယ်ပြင်ကျေးရွာမှ အာဘူလာချင်း(ခ) ကျော်ဇောဝင်း ၁၈ နှစ်၊ နုရိုအာလောင်(ခ)ကျော်အေး ၁၉ နှစ်၊ အဘူကာရှိန်း(ခ)ကျော်နိုင် ၁၈ နှစ်နှင့် မြောက်ဦးမြို့နယ်၊ ချောင်းတောင်ကျေးရွာမှ ရှော့ဘူးကာထယ်(ခ)ကျော်နိုင်စိုး ၂၁ နှစ် တို့ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မှ အထောက်အထားမဲ့ခရီးသွားလာသည့် မွတ်ဆလင် ၄၀ ကျော်ကို ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်ထိစပ်နေသော မြစ်အတွင်းမှဖမ်းဆီးခဲ့ပြီး ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။