အောင်ထိန် | DMG
နိုဝင်ဘာ ၁၄ ၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် မိုင်းထိမှန်မှု၊ စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် တစ်ရက်တည်းတွင် အရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က မြေပုံမြို့နယ်၊ လီသွန်ကျေးရွာတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။
လီသွန်ကျေးရွာမှ ဒေသခံသုံးဦးမှာ ကျေးရွာနှင့် ၂ မိုင်ခန့်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းမတွင် လမ်းလုပ်နေ ကြစဉ် ပစ္စည်းတစ်ခုအားထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ယင်းသို့ သေဆုံးဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း လီသွန်ကျေးရွာမှ ဦးတိုးစိန်အောင်က ပြောသည်။
“သူတို့က လမ်းလုပ်သားတွေ အဲဒီဘက်မှာ လမ်းလုပ်နေကြတာ။ ကျွန်တော်တို့သိတာက အပင်ရိပ်မှာ အနားယူဖို့သွားတဲ့အခါ လက်နက်တစ်လုံးရတယ်။ အဲဒါကို ထုကြည်မိတဲ့အခါ ပေါက်ကွဲပြီး တစ်ဦးဆုံးလို့ ကျန်တဲ့သားအဖနှစ်ဦး ဒဏ်ရာရသွားတာ” ဟု ၎င်းကဆိုသည်။
ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ လေသွန်ကျေးရွာမှ ကိုမောင်သန်းအောင်(၂၀)နှစ်ဖြစ်ပြီး ဦးမြင့်သန်း (၃၀)ကျော်အရွယ်နှင့် ၎င်း၏သား မောင်ဦးမြင့်စိုး (၁)နှစ်တို့မှာ ခြေသလုံးနှင့်တင်ပါးတို့၌ ဒဏ်ရာရရှိသွားခဲ့သည်။
လက်ရှိတွင် သေဆုံးသူ ကိုမောင်သန်းအောင်အား လီသွန်ကျေးရွာ၌သင်္ဂြိုလ်လိုက်ပြီး ဒဏ်ရာရရှိသူ ဦးမြင့်သန်းတို့သားဖနှစ်ဦးကို အမ်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ကျွန်တော်စုံစမ်းကြည့်သလောက် အဲဒီရွာက တစ်ဦးသေတယ်၊ နှစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရတယ်။ သူတို့က ဗုံးသီးတစ်လုံးတွေ့လို့ ကိုင်ကြည့်တဲ့အခါ ပေါက်ကွဲပြီး ဖြစ်သွားတာလို့ သိရတယ်” ဟု ၎င်းကပြောသည်။
အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာမှ အသက် (၇၃)နှစ်အရွယ် ဦးဖေဝင်းမှာ ကျေးရွာအနီးရှိ မိမိဥယျာဉ်ခင်းသို့သွားစဉ် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိ သွားကြောင်း ဒေသခံများထံမှ သိရသည်။
“သူ့ရဲ့ဥယျာဉ်ထဲကို သွားတဲ့အခါ ဥယျာဉ်ကိုမရောက်ခင် မိုင်းတစ်လုံးနင်းမိပြီး ပေါက်ကွဲသွားလို့ ခြေထောက် တစ်ဖက်က ကြေမွသွားတယ်။ ဖြတ်ပစ်ရမယ့် အေနအထားမှာရှိတယ်” ဟု နတ်မော်ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ မိုင်းထိမှန်သွားသဖြင့် ဦးဖေဝင်းမှာ ခြေထောက်ကြေမွသွားသည်အထိ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး လက်ရှိတွင် ဒဏ်ရာရရှိသူအား အဆိုပါ ကျေးရွာအနီးရှိတောင်ပေါ်တွင် တပ်စွဲထားသည့် တပ်မတော်မှ ဆေးကုသပေးထားကြောင်း မိသားစုဝင်များက ပြောသည်။
အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုနှင့် ကုဇုကိုင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံအများစုသည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်နေသူများဖြစ်ပြီး ယခုကဲ့သို့ မိုင်းပေါက်ကွဲကာ အသက် ဆုံးရှုံးမှုများရှိလာသဖြင့် တောင်ယာထဲသွားရောက်ရန် စိုးရိမ်မှုများ ရှိနေကြသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျန်ရှိခဲ့သည့် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုဖြစ်စဉ်များမှာ မကြာခဏ ဖြစ်ပွားလျက်ရှိကာ အရပ်သားများလည်း သေဆုံးမှုများ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများ အများအပြား ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းသည် လက်ရှိမှာ (၂)နီးပါးအထိ ကြာမြင့်လာနေပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လမှ နိုဝင်ဘာလအထိ မိုင်းထိမှန်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားသေဆုံးသူ ၅၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၅ ဦးအထိရှိခဲ့သည်။




