အောင်ထိန် | DMG
မတ် ၈ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောင်းဘွေတံတားအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးတစ်လုံး (မွတ်ဆလင်)ကျေးရွာအတွင်း လက်နက်ငယ်ကျည်များ ကျရောက်ကာ အသက်(၅)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် (၃)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၈ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် လက်နက်ငယ်ကျည်များ ရွာအတွင်းသို့ ကျရောက်ခဲ့ပြီး ရွာသားများ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဘူးတစ်လုံးကျေးရွာမှ အမည်မဖော်လိုသည့် ရွာသားတစ်ဦးကပြောသည်။

“နံနက်စောစောက တိုက်ပွဲသံတွေကြားတဲ့အခါ လူတွေကကြောက်လန့်ပြီးနိုးသွားကြတယ်။ အဲဒီမှာ လက်နက်ငယ်ကျည်တွေက ကျေးရွာအတွင်းကျပြီး ကလေးငယ်တစ်ဦးနဲ့ နောက်နှစ်ဦး ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ ကျည်ထိမှန်မှုကြောင့် ဘူးတစ်လုံးကျေးရွာမှ မောင်ချောင်ချူဟာလောင် ၅ နှစ်၊ ဒေါ်အာရှောင် ၃၀ နှစ် နှင့် ကိုရော်တီခါတ် ၁၈ နှစ်တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

၎င်းလူနားများကို မြောင်းဘွေဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မြောင်းဘွေတံတားအနီး ပစ်ခတ်သံများကြရသဖြင့် ဆရာဝန်မှ ဒဏ်ရာရရှိသူများကို ဆေးကုသပေးပြီး မိမိကျေးရွာသို့ပြန်လွှတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“မြောင်းဘွေတိုက်နယ်ဆေးရုံကို ဆေးကုသဖို့သွားတယ်။ ဆေးတွေဘာတွေ ထည့်ပေးလိုက်ပြီး ပြန်လွှတ်လိုက်တယ်။ အခြေနေမကောင်းလို့ထင်တယ်။ မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတယ်” ဟု အမည်မဖော်လိုသည့် ဘူးတစ်လုံးကျေးရွာသားက ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် ကျေးရွာအတွင်း လက်နက်ငယ်ကျည်များကျရောက်ကာ ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ တပ်မတော်ပြောခွင့်ရသူများနှင့် ရက္ခိုင့်တပ်တော်(AA)တို့အား ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၁၃၀ ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ ၃၆၀ ကျော်အထိရှိလာနေသည်ဟု ရခိုင်ကျောင်းသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)က သိရသည်။

Author: Admin