ဓာတ်ပုံ - ချမ်းအေး(C&T Design and Editing)

နှင်းနွယ် | DMG
ဧပြီ ၂၇ ၊ မြောက်ဦး

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်း၌ ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့၊ ညနေ(၁၀)နာရီခန့်က ပစ်ခတ်သံများ ကြားရသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများထံက သိရသည်။

 

ယမန်နေ့၊ နေ့လယ်ပိုင်းကတည်းကစတင်ကာ မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့တွင်း၌ လှည့်လည်ကာ လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ဒိုင်းကျီရပ်ကွက်၊ မဟိံကျီရပ်ကွက်နှင့် တောင်ရပ် ရပ်ကွက်များတွင် ပစ်ခတ်သံများ ဖြစ်ပေါ်ခဲ့ခြင်းဟု ဒေသခံ ကိုခိုင်မင်းသျှင်က ပြောသည်။

 

“ဒေသခံတွေကလည်း စိုးရိမ်နေကြတယ်။ အရင်ဆိုရင် မြို့ထဲမှာ ပစ်လေ့ပစ်ထမရှိဘူး။ မနေ့ညကတော့ မြို့ထဲမှာ ပစ်ခတ်တယ်။ ပစ်ခတ်သံတွေကြောင့် အိမ်ပေါ်မှာမအိပ်ရဲဘဲ အိမ်အောက်မှာဆင်းပြီးတော့ ပုန်းနေကြတဲ့သူတွေလည်း ရှိတယ်။ မြောက်ဦးမြို့မှာက အရင်တုန်းကလည်း မြို့တွင်းပစ်ခတ်မှုတွေ ဖြစ်ခဲ့ဖူးတော့ လူတွေက ပိုကြောက်ကြတယ်”ဟု ၄င်းကဆိုသည်။

 

အများပြည်သူ နေထိုင်နေသည့် မြို့အတွင်း ပစ်ခတ်နေခြင်းကြောင့် ပြည်သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်စရာဖြစ်လာနိုင်ကြောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ထိခိုက်လာစေနိုင်ကြောင်း မြောက်ဦးမြို့နယ်၊ ရခိုင်အမျိုးသားပါတီ(ANP)အတွင်းရေးမှူး ဦးထွန်းနီဝင်း ကDMG သို့ပြောသည်။

 

“သူတို့အချင်းချင်း နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်တာဆိုရင် ကျနော်တို့ဘာမှမပြောလိုဘူး။ အခုတိုက်ပွဲမဖြစ်ဘဲ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ တစ်စုံတစ်ရာထိခိုက်သွားရင် ဘယ်သူက တာဝန်ယူပေးမှာလဲ။ အရင်တုန်းကလည်း နေအိမ်တွေကို လက်နက်ကြီးကျည်ကျလို့ ဒေသခံတွေသေဆုံးသွားတာတွေကို ကျနော်တို့ကြုံဖူးတယ်။ လူ့အသက်တစ်ချောင်း ဆုံးရှုံးသွားတာက လျော်ကြေးနဲ့တန်ဖိုးဖြတ်လို့ရတဲ့ ကိစ္စတော့မဟုတ်ဘူး”ဟု ၄င်းကဆိုသည်။

 

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား ဆက်လက်စစ်ရေးတင်းမာနေပြီး အရပ် သားထိခိုက်သေဆုံးမှုအရေအတွက်လည်းမြင့်တက်နေသည်။

Author: Admin