နှင်းနွယ် | DMG
ဇန်နဝါရီ ၆ ၊ စစ်တွေ
မြောက်ဦးမြို့နယ်က ဒုက္ခသည်စခန်း (၁၅) ခုကို တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတို့ ပါဝင်သည့်အဖွဲ့ လာရောက်စစ်ဆေးမည်မှာ ဒုက္ခသည်များ နေရပ်မပြန်သေးသည့် အကြောင်းအရာများနှင့် ပတ်သက်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ခံများက ယူဆနေကြသည်။
လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ လူဦးရေစာရင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်နယ်အစိုးရထံသို့ ပြီးခဲ့သည့်အပတ်က တင်ပြခဲ့ရပြီး စစ်ဘေးရှောင်များ နေရပ်မပြန်သေးသည့် အကြောင်းရာများနှင့် ပတ်သက်၍ လာရောက်စစ်ဆေးမည်ဟု ယူဆကြောင်း ယင်းစခန်းတာဝန်ခံ ဦးကျော်မင်းက ဆိုသည်။
“စစ်ဘေးရှောင်တွေ ဘာကြောင့် နေရပ်မပြန်သေးတာလဲဆိုတာကို မေးပြီး အကြောင်းရာကို တင်ပြဆိုလို့ မိသားစုအလိုက် မေးပြီးတင်ပြခဲ့တယ်။ တချို့က တပ်ကို ကြောက်ပြီးမပြန်ဘူး။ တစ်ချို့က အလုပ်အကိုင်မရှိလို့ မပြန်ဘူးဆိုပြီး ထည့်ရေးပြီး တင်ပြလိုက်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ သူတို့က မြေပြင်ကိုဆင်းပြီး စစ်ဆေးမှာထင်တယ်။ ကျနော်တို့ သူတို့ လာစစ်ဆေးမယ်ဆိုလို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။
လာရောက်စစ်ဆေးမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့က မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ အကြောင်းကြားစာပေးပို့လာကြောင်း၊ ယင်းစာတွင် လက်ကောက်ဈေး၊ ညောင်ပင်ဈေး၊ လော်ကမူ၊ ထမ္မရာဇ်၊ အောင်တပ်၊ သံချောင်း၊ တင်းတိန်ကန်၊ တောင်မြင့်၊ ကျောက်ကျပ်၊ ဆင်ကဲ၊ စင်းဘောကိုင်း၊ တိမ်ညို၊ ဝက်လှ၊ နကန်နှင့် ပြလှ (ဘုရားလှ) စစ်ဘေးရှောင်စခန်းတို့ပါဝင်သည်။
အကြောင်းကြားစာတွင် ဒုက္ခသည်များအတွက် ရိက္ခာထောက်ပံ့မှုများ ပြုလုပ်မည်ဟု ပါရှိသော်လည်း ရိက္ခာများကို အကြောင်းပြဝင်ရောက်ကာ တစ်စုံတစ်ရာပြုလုပ်သွားမည်ကို စိုးရိမ်ကြောင်း စင်းဘောကိုင်း စစ်ရှောင်စခန်းတာဝန်ခံ ကိုညီပုက DMG သို့ ပြောသည်။
“တပ်မတော်က ဝင်စစ်ဆေးမယ်ဆိုတော့ စစ်ဘေးရှောင်တွေက နည်းနည်းတော့ ကြောက်နေကြတာပေါ့။ ဘာလို့လဲဆိုတော့ လောလောဆယ်မှာ အစိုးရဖက်က စားနပ်ရိက္ခာထောက်ပံ့ပေးတာတွေလည်း မရှိဘူးဆိုတော့ ရိက္ခာကိုအကြောင်းပြပြီး ဝင်စစ်ဆေးမှာ၊ တစ်ခုခုလုပ်သွားမှာကို စိုးရိမ်နေတယ်။ သူတို့ကတော့ ကျနော်တို့ စခန်းတာဝန်ရှိသူတွေပါ ပူးပေါင်းလုပ်ဆောင်ရမယ်ဆိုပြီး အကြောင်းကြားစာမှာ ထည့်ရေးထားတယ်’’ ဟု ဆိုသည်။
စခန်းအချို့တွင် ဒုက္ခသည်များမှာ မိမိနေရပ်သို့ တောင်ယာလုပ်ငန်းများကို ပြန်သွားပြန်လာဖြင့် လုပ်ကိုင်စားသောက်နေသူများရှိနေ၍ တပ်မတော်နှင့်အဖွဲ့ လာရောက်စစ်ဆေးမည့် နေ့ရက်နှင့်အချိန်ကို မသိရသည့်အတွက် အသွားအပြန်လုပ်နေသော စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာမရရှိမည်ကို စိုးရိမ်နေကြောင်း လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးကျော်မင်းက ပြောသည်။
လာရောက်စစ်ဆေးမည့်အဖွဲ့မှာ တပ်မတော်ပါနေသည့်အတွက် ဒုက္ခသည်များအတွက် စိတ်ဖိစီးမှု ပိုမိုဖြစ်ပေါ်စေကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရွှေသန်းကျော်က ယခုလိုပြောသည်။
“စစ်ဘေးရှောင်တွေထဲမှာ ရွာကနေ အသက်လုပြေးလာရတဲ့အတွက် အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်တွေ မပါလာတဲ့သူတွေရှိသလို အုပ်ထိန်းသူမပါလာတဲ့ ရင်းနှီးတဲ့လူတွေနဲ့ကပ်ပြီး လိုက်လာသူတွေလည်းရှိတယ်။ ရဲတွေ၊ တပ်မတော်သားတွေအနေနဲ့ စစ်ဆေးတဲ့အခါ ဘာတွေကို စစ်ဆေးမယ်ဆိုပြီး သတ်မှတ်ထားတာတွေရော ရှိလားပေါ့။ ဘာပဲဖြစ်ဖြစ် စစ်ဆေးမယ်ဆိုကတည်းက စစ်ဘေးရှောင်တွေအတွက် စိတ်ဖိအားတော့ ဖြစ်စေတာပေါ့” ဟု ဆိုသည်။
ထိုအကြောင်းစာများနှင့် ပတ်သက်ပြီး စစ်ရှောင်စခန်းများကို မည်သည့်နေ့တွင်၊ မည်သည့်ပုံစံ စစ်ဆေးသွားမည်ကို သိရှိရရန် မြောက်ဦးခရိုင်ရဲစခန်း၊ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်/လုံဝန်ကြီးတို့ထံသို့ မွန်းလွဲပိုင်းကနေ ယခုညနေပိုင်းအချိန်ထိ DMG က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော်ရှိနေပြီး စားဝတ်နေရေးအခက်အခဲများအပြင် ဆောင်းရာသီ ဖြစ်သည့်အတွက် အနွေးထည်များနှင့်စောင်များပါ အရေးပေါ်လိုအပ်လျှက်ရှိနေကြသည်။




