ဓာတ်ပုံ - သိန်းဝင်း

 စိုးအောင်|DMG

ဇူလိုင် ၁၈ ၊ မြောက်ဦး

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် တည်ရှိသော နန်းရာကုန်း(နန်းတော်ကုန်း) ဒုတိယအထပ် အရှေ့တောင်ဘက်အခြမ်းတွင် ဇူလိုင် ၁၈ ရက်နေ့ နံနက် ၁၀နာရီခန့်က မြေမြှုပ်မိုင်းတစ်လုံး တွေ့ရှိရသည်ဟု ဒေသခံများကပြောသည်။

 အဆိုပါ မိုင်းကို သက်ဆိုင်ရာမှ လာရောက်သိမ်းဆည်းသွားပြီးဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

 “အခုကတော့ မိုင်းကို သက်ဆိုင်ရာဌာနက သိမ်းဆည်းထားပါတယ်။ မိုင်းကတော့ ဘယ်လိုအမျိုးအစားလည်း မသိလိုက်ရဘူး။ ကျွန်တော်ကြည့်ဖို့ ရောက်သွားတဲ့အချိန်မှာ

မိုင်းကို သက်ဆိုင်ရာက သိမ်းဆည်းဖို့ ယူသွားကြပါပြီ” ဟု ဦးထွန်းသာစိန်ကပြောသည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် စေတီပုထိုး တချို့ကို ထိမှန်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးမှုကို ကာကွယ်ရန် အစိုးရအနေဖြင့် ထိရောက်သော အစီအမံများ ပြုလုပ်ပေးနိုင်ရေးအတွက် အဆိုတစ်ခုကို မေလ ၆ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်၌ တင်သွင်းခဲ့ပြီး လွှတ်တော်မှ အတည်ပြုခဲ့သည်။

“တရားဝင် ပြောကြားပြီးသားဖြစ်တယ်။ ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် လွှတ်တော်အသံသည် ပြည်သူ့အသံဖြစ်တဲ့အတွက်ကြောင့် လုပ်တဲ့အဖွဲ့အစည်းသည် ပြည်သူ့တရားခံဖြစ်တယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦးမြို့နယ်သည် ရခိုင်ပြည်နယ်တွင်ရှိသော ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့်အချိန်လည်း ဖြစ်သည်။

 

Author: Admin