
ချလူးအောင် | DMG
ဇူလိုင် ၂၄၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းခြေ၌ ဖမ်းဆီးခဲ့သည့် မွတ်ဆလင် ၆၃ ဦးအနက် ၂၇ ဦးကို လဝက ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်ကာ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် မောင်တောမြို့နယ်တရားရုံး၌ ရမန်ယူခဲ့သည်ဟု အလယ်သံကျော်နယ်မြေစခန်းမှူး ရဲအုပ်အောင်ကျော်မိုးက DMG ကိုပြောသည်။
၎င်းတို့သည် စစ်တွေမြို့နယ်ရှိ ဆေးသမားကြီး၊ ဖွေတာကုန်း၊ စခန်းကွဲ၊ ဘောမူဂေါ်၊ ဓားပိန် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များဖြစ်သည်။
“၆၂ ဦးမှာ ၂၇ ဦးက မြန်မာပြည်တွင်း စစ်တွေက လူတွေဖြစ်တယ်။ သူတို့ကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ တရားစွဲဖို့ ဒီနေ့ ရမန်ယူပါတယ်။ ကျန်လူတွေကိုတော့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ မသိရသေးဘူး” ဟု ရဲအုပ် အောင်ကျော်မိုးက ဆိုသည်။
မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းခြေ၌ ဇူလိုင် ၇ ရက် နံနက်ပိုင်းက မွတ်ဆလင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၆၃ ဦးနှင့် စက်လှေလုပ်သား လေးဦး၊ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၉၉ တောင့်တို့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသည့် စက်လှေလုပ်သားလေးဦး၊ ဟာမက် တူဆောင်း(ခ)ကျော်လှနှင့် ၎င်း၏ မိခင် အဏ္ဏဝါဘေဂွန်(ခ) အန်နုဝါဖာဂွန်တို့ကို အလယ်သံကျော်နယ် မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၃၇၁/၁၁၄ တို့အရ (ကျွန်ပြုရန် လူခိုးမှု/ ကျွန်ရောင်းဝယ်မှု/ အားပေးကူညီမှု) လည်းကောင်း၊ ထို့ပြင် စက်လှေလုပ်သားလေးဦးနှင့် ဟာမက်တူဆောင်း (ခ)ကျော်လှကို လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)အရ လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။




