ခင်သရဖီဦး / DMG

သြဂုတ် ၅ ၊ စစ်တွေ

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်တွေမြို့နယ် ကျေးတောကျေးရွာအနီးတွင်ရှိသည့် ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် တပ်မတော်ရေယာဉ်တစ်စီးအား ရက္ခိုင့်တပ်တော်(AA)မှ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားမှုနောက်တွင် ဆတ်ရိုးကျချောင်းအတွင်း တပ်မတော်သားများမှ လုံခြုံရေးယူထားသဖြင့် အနီးအနားကျေးရွာများမှ ဒေသခံများမှာ ညအချိန်သွားလာပါက သံသယဖြင့်ဖမ်းဆီးခံရမည်ကို စိုးရိမ် နေကြသည်။

ထိုသို့ စိုးရိမ်မှုများကြောင့် ရေလုပ်ငန်းလုပ်ကိုင်နေသူများမှာ ညအချိန် ငါးဖမ်းမထွက်ရဲကြတော့ဘဲ ကြုံရာ အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

“အရင်တုန်းကဆိုရင် ပန်းရံလုပ်သွားတယ်ဆိုရင် ၁၂ နာရီထိုးတဲ့အခါ ထိုးသွားတယ်။ ပန်းရံအလုပ်ဆိုတာက ချက်ချင်းကြီးလုပ်ထားခဲ့လို့ မရဘူးလေ။ အခု သူတို့ရှိနေတယ်ဆိုရင် ၆ နာရီဆိုပြန်လာရပြီ ။ ၅ နာရီ ၆ နာရီလောက်ဆိုရင် အလုပ်လုပ်လို့ အဆင်မပြေတော့ဘူး” ဟု ကျေးတောကျေးရွာမှ ဒေါ်မသိန်းက ပြောသည်။

ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ဒီရေအတက်အကျကိုကြည့်ပြီး ငါးဖမ်းရသော်လည်း ယခုအခါ နေ့လည်ပိုင်း တွင်သာ ငါးဖမ်းနေကြရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်စေကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

“အခုကတော့ ကိုယ်လုပ်ပိုင်ခွင့် နယ်မြေတစ်ခုဖြစ်တယ်။ ဒါပေမယ့် မလုပ်ရဲ ၊မသွားရဲ ဖြစ်နေတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေကို ကိုယ့်ပစ္စည်းမှန်ရင်လည်း မလုပ်ရဲ မထွက်ရဲ ဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်အန္တရာယ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ညနေမထွက်ရဲပေမယ့် နေ့လည်ကိုတော့ ထွက်ကြတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ထွက်ပေးနေရတယ်” ဟု ကျေးတောကျေးရွာမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ကျော်ခင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က တပ်မတော်ရေယာဉ်တိုက်ခိုက်ခံခဲ့ရပြီး ၎င်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အနီးအနားမှ ဒေသခံ ၁၀ ဦးခန့်မှာ စစ်ဆေးခံခဲ့ကြရသည်။

 

Author: ခင်သရဖီဦး