(ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသို့ တက်ရောက်လာသည့် ရက္ခိုင့်တပ်မတော် (AA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)

မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။    ။   တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA )နှင့် မြောက်ပိုင်း မဟာမိတ်များအဖွဲ့၏ ပန်ခမ်းမူ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီမှုရှိဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)/ ရက္ခိုင့်တပ်မတော် (AA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က " တချို့ဟာတွေမှာတော့ အဲဒီလိုမျိုးကွဲတာ (Difference Between) ဆိုတဲ့ ဟာမျိုးတော့ Hybrid လုပ်လို့မရှိပါဘူး။ ငါးဆယ်ရာခိုင်နှုန်းကျော်ပါတယ်။ ခုနှစ်ဆယ်ရာခိုင်နှုန်း နီးပါးတူပါတယ်။ တချို့ဟာတွေကျတော့ စကားလုံးအသုံးအနှုန်းရှိမယ်။ ဥပမာ - NCA ထဲမှာပါတဲ့ ဟာတွေပေါ့။ ကျွန်တော်တို့က DDR/SSR တို့ကို ကျွန်တော်တို့ မကြိုက်ဘူး။ အဲဒီလမ်းကြောင်းအတိုင်း မသွားဘူးဆိုရင် ဟိုအထဲမှာပါတဲ့ဟာတွေကို နောက်ပုံစံတစ်မျိုးနဲ့တော့ သွားလို့ရတဲ့ အနေအထား အဲဒါမျိုးတွေက နည်းနည်းကွာတာပါ။ " ဟု DMG သို့ ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဧပြီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ “ဝ’’ အထူးဒေသ ၂ ပန်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ထိုအအစည်းအဝေးတွင် " ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်နှင့် တစ်နိုင်ငံလုံး လွှတ်တော်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်။ " ဟု ခေါ်ဆိုသည့် လက်ရှိ NCA နှင့် အလားသဏ္ဍန်တူသည့် မူတစ်ရပ်ကို ရေးဆွဲအတည်ပြုခဲ့ကြသည်။

လက်ရှိ NCA ကို ပြင်ဆင်ဖြည့်စွက်မူနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ မေလ ၂၇ ရက်နေ့က နေပြည်တော် MICC-ll တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"NCA ထဲမှာ ပြင်ဆင်ခြင်းဆိုတာ မပါဘူး။ NCA ဆိုတာလည်း အစိုးရနဲ့ တပ်မတော်က ပိုင်ဆိုင်တာမဟုတ်ဘူး။ ဒါက (၁၇) လကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးတော့ ပေါ်လာတဲ့စာတမ်းဖြစ်တယ်။" ဟု ဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါမူအတိုင်း ကျင်းပပြုလုပ်နေသည့် ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းဝေးများ၊ ဆုံးဖြတ်ချက်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ စသည်တို့တွင် NCA စာချုပ်လက်မှတ် မထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ပါဝင်ခွင့်မရကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နင့် မေလ ၂၆ ရက်နေ့က တွေ့ဆုံအပြီးတွင်  "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၏ ပြင်ပဆက်ဆံရေး ဌာနအကြီးအကဲ ဦးကျောက်ကော်အမ်းက "သူ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြင်ထားတာ မတူဘူးပေါ့၊ ကျွန်တော်တို့ အရင် NCA ကိုတော့ ထိုးမှာ မဟုတ်ပါဘူး။ " ဟု မီဒီယာများအား ပြောသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)၊ မြန်မာနိုင်ငံအမှန်တရားနှင့်မျှတမှုအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ/ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ “ဝ’’ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ/ “ဝ’’ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSP/UWSA) စသည့် အဖွဲ့အစည်း ၇ ဖွဲ့မှ NCA ကို လက်မှတ်မထိုးဘဲ တခြားလမ်းကြောင်းတစ်ခုဖြင့် နိုင်ငံရေးဆွေးနွေးရန် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ’’ ကို ဧပြီလ ၁၉ ရက်နေ့က အတည်ပြုဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည်။

Author: ကောင်းကောင်း