ကျော်သူဌေး | DMG
ဇူလိုင် ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဆေးရုံတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦးအား ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြုထားသော်လည်း ဆေးရုံ၌ အသွားအလာ ကန့်သတ်ထားသေးကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

၎င်းတို့ ၃ ဦးကို ဆေးသုံးကြိမ်စစ်ဆေးခဲ့ရာ ပိုး ၂ ကြိမ်မတွေ့ရှိခဲ့သဖြင့် ယခုကဲ့သို့ ဆင်းခွင့်ပြုခြင်းဖြစ်ကာဆေးကုသမှုခံယူစရာမလိုဘဲ ဆေးရုံတွင် သီတင်းတစ်ပတ်ထားရှိသွားမည်ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“လူနာတစ်ယောက်မှာ Negative နှစ်ကြိမ်ဆက်တိုက်ထွက်လို့ရှိရင် ၂၄ နာရီအတွင်း ဆေးရုံပေးဆင်းတယ်။ ဆေးရုံရဲ့ကုသမှုကို ခံစရာမလိုတော့ပေမဲ့ အသွားအလာစောင့်ကြည့်တာကို ဆေးရုံမှာတစ်ပတ်နေရမယ်။ ပြီးတော့ အိမ်မှာစောင့်ကြည့်တစ်ပတ်နေရဦးမယ် ” ဟု ၎င်းကဆိုသည်။

အလားတူ သံတွဲခရိုင်ဆေးရုံကြီးနှင့် တောင်ကုတ်မြို့နယ်ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ နှစ်ဦးတို့ကိုလည်း ရောဂါပြန်လည်ကောင်းမွန်လာ၍ ဆေးရုံးမှဆင်းခွင့်ပြုလိုက်ပြီးနောက် မိမိတို့နေအိမ်၌ သီတင်းတစ်ပတ် အသွားအလာကန့်သတ်ထားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်ပိုးတွေ့ခဲ့ရှိသူ ၁၂ ဦးအနက် ၅ ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြောင်း၊ လက်ရှိအချိန်၌ စစ်တွေဆေးရုံကြီးတွင် ၁ ဦး၊ မောင်တောခရိုင်ဆေးရုံကြီးတွင် ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် ၂ ဦးတို့ ဆေးကုသမှုခံယူလက်ရှိသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၃၀၄ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာ ၆၀၃၇ ဦး၊ ပြန်လည်သက်သာလာသူ ၂၂၂ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၃ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

Author: Admin