
ဓာတ်ပုံ − Kyi Soe Lin fb
ခင်သရဖီဦး၊ DMG
အောက်တိုဘာ ၁၁၊ ရသေ့တောင်
ရသေ့တောင်မြို့နယ်တွင် လစ်လပ်နေသောမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးမှုများပြုလုပ်လျှက်ရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း၏ မဲဆွယ် ဆိုင်းဘုတ်မှာ ၂ ကြိမ်အထိဖျက်ဆီးခံရကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင်၏ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်ပြီး ပါတီအနေဖြင့် ရသေ့တောင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ထားကြောင်း ပါတီ ဗဟိုကော်မတီဝင် ဦးစိုးလေးက ပြောသည်။
“ ကျနော်တို့ပါတီကရသေ့တောင်မြို့နယ်မှာမဲဆွယ်နေတဲ့ကိုခင်သန်းမောင်ရဲ့ မဲဆွယ်ဆိုင်းဘုတ်ကိုနှစ်ကြိမ်တိုင် တိုင် ဖျက်ဆီးခဲ့တာကြောင့် ကျနော်တို့ ၇ ရက်နေ့က ရသေ့တောင်မြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားပါ တယ်”ဟု ပြောသည်။
ယခုလို မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခြင်းမှာ ဦးခင်သန်းမောင်ကိုသော်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုသော်လည်းကောင်း မကြိုက်သူများကပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လစ်လပ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ကိုယ်စားလှယ် လောင်း ၄ ဦး တို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။




