ဒီချုပ်ကိုယ်စားလှယ်လောင်းသုံးဦးအား AA ကဖမ်းဆီးသွားခြင်း ဟုတ်၊မဟုတ် အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လွှတ်တော်ကိုစားလှယ်လောင်း သုံးဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး AA အနေဖြင့် ဖမ်းဆီးသွားခြင်းဟုတ်၊ မဟုတ်ကို အမြန်ဆုံးဖြေရှင်းပေးရန် ၎င်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်က တောင်းဆိုလိုက်သည်။

By မျိုးမြင့်ဇော် 16 Oct 2020

မျိုးမြင့်ဇော် | DMG
အောက်တိုဘာ ၁၆ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လွှတ်တော်ကိုစားလှယ်လောင်း သုံးဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး AA အနေဖြင့် ဖမ်းဆီးသွားခြင်းဟုတ်၊ မဟုတ်ကို အမြန်ဆုံးဖြေရှင်းပေးရန် ၎င်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်က တောင်းဆိုလိုက်သည်။

“ကျနော်တို့ AA ကိုတောင်းဆိုရမှာပဲ အမြန်ဆုံးသတင်းထုတ်ပြန်ပေးပါ။ AA ဖမ်းထားတယ်ဆိုရင်လည်း အမြန် ဆုံးလွှတ်ပေးပါ၊ တာဝန်ရှိတဲ့လူကြီးတွေနဲ့ ဆက်သွယ်ပြီးတော့ အပေးအယူလုပ်ချင်တယ်ဆိုရင်လည်း ဘယ်လို အပေးအယူလုပ်ရမလဲဆိုတာကို ဆက်သွယ်ပေးပါ” ဟု ၎င်းက ဆက်၍ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က မီဒီယာ အချို့တွင် အဆိုပါကိုယ်စားလှယ်လောင်းသုံးဦးကို AA ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသော်လည်း ရက္ခိုင်တပ်တော်(AA)အနေဖြင့် ယနေ့အချိန်ထိ တစ်စုံတစ်ရာထုတ်ပြန် ဖြေရှင်းထားခြင်းမရှိသေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်က ပါတီဗဟို ကော်မတီဝင်(CEC)များက အလေးအနက်ထားကာ ဆောင်ရွက်နေကြကြောင်း ဆိုသည်။

ဒီချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ သုံးဦးသည် အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ မဲဆွယ်စည်းရုံးရေး သွားကြစဉ် မျက်နှာဖုံးစွပ်ကာ လက်နက်များကိုင်ဆောင်ထားသော လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ၎င်းတို့နှင့်သွားရောက်ရာတွင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

၎င်းတို့သုံးဦး၏ မိသားစုဝင်များက ဖမ်းဆီးသွားသူများအနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

ရက္ခိုင့်တပ်တော်(AA)အား ဆက်သွယ်မေးမြန်းပါက ဥပဒေနှင့်ငြိမ့်စွမ်းနိုင်သဖြင့် ဆက်သွယ်မေးမြန်းရန် အခက်အခဲရှိသည်။

လက်ရှိအချိန်၌ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မဲဆန္ဒနယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် NLD ကိုယ်စားလှယ်လောင်းတို့မှာ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် အခက်အခဲဖြစ်နေကြပြီး မိမိတို့၏ လုံခြုံရေးကိုလည်း စိုးရိမ်နေကြရကြောင်း ပြောဆိုကြသည်။