NLD လွှတ်တော်အမတ်အား ပြန်လွှတ်ပေးရန် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပါတီဗဟို တိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ဖမ်းဆီးထိန်းသိမ်းထားသူများအနေဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် နိုဝင်ဘာလ ၉ ရက်နေ့တွင် NLD ဗဟိုမှ တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။

By မြတ်ဝင်းကျော် 09 Nov 2019

(NLD လွှတ်တော်အမတ် ဦးဝှေ့တင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံသား ၉ ဦးနှင့်အတူ ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရသည်။)

မြတ်ဝင်းကျော် | DMG
နိုဝင်ဘာ ၉ ၊ ရန်ကုန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ဖမ်းဆီးထိန်းသိမ်းထားသူများအနေဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် နိုဝင်ဘာလ ၉ ရက်နေ့တွင် NLD ဗဟိုမှ တိုက်တွန်းကြောင်း ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဦးဝှေ့တင်း ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ ငြိမ်းချမ်းရေးကြိုးပမ်းနေမှုကို အနှောင့်အယှက်ဖြစ်စေသည့် အဖြစ်အပျက်တစ်ခုဖြစ်ပြီး တရားမျှတမှုမရှိသော ဖမ်းဆီးမှုဖြစ်သဖြင့် ယင်းလုပ်ရပ်ကို ပြင်းထန်စွာရှုံ့ချကြောင်း ဖော်ပြထားသည်။

သို့သော် ထုတ်ပြန်ချက်၌ ဖမ်းဆီးထိန်းသိမ်းထားသူများဟုသာ ဖော်ပြထားပြီး AA အမည်ကို ထည့်သွင်းဖော်ပြထားမှု မရှိခြင်းအပေါ် ဝေဖန်မှုများရှိနေသည်။

“အေအေဆိုတာ တိုင်းရင်းအဖွဲ့အစည်းဖြစ်နေတော့ ဒီဟာကို သတိထားပုံဖြစ်ပါတယ်။ အေအေဆိုတာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပဲလေ။ နောက်တစ်ခု အေအေ အပါအဝင် လေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတာရှိတဲ့အတွက် အသုံးအနှုန်းကို သတိထားပုံရပါတယ်” ဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က DMG သို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ချင်းပြည်နယ် အမှတ် (၁၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံသား ၉ ဦးနှင့်အတူ ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရသည်။

AA က အိန္ဒိယနိုင်ငံသားများကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း ဦးဝှေ့တင်းအား စစ်ဆေးမေးမြန်စရာများရှိနေ၍ ဆက်လက်ထိန်းသိမ်းထားသည်။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဦးဝှေ့တင်းသည် တပ်မတော်နှင့်ပူးပေါင်းကာ သတင်းပေးခြင်းများ ဆောင်ရွက်နေသည့်အတွက် စစ်ဆေးရန်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ဆိုထားသည်။

လက်ရှိအချိန်၌ ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ လွှတ်တော်နှင့် အစိုးရ စသည်တို့က ဆောင်ရွက်လျက်ရှိကြောင်း မုံရွာအောင်ရှင် ကပြောသည်။

“ထုတ်ပြန်တာနောက်ကျတာက တချို့ကိစ္စတွေက ပါတီက သေချာတိကျမှုရှိအောင် အချိန်စောင့်ရတယ်။ ပြီးတော့ ပါတီအနေနဲ့ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချချက်ရတော့ ကြာတတ်တာတွေ ရှိတယ်” ဟု ၎င်းကဆက်၍ဆိုသည်။

ယနေ့ဆိုလျှင် ဦးဝှေ့တင်းဖမ်းဆီးခံထားရသည့်မှာ ၇ ရက်မြောက်ရှိနေပြီဖြစ်ပြီး ၎င်းအား ဖမ်းဆီးထားစဉ်ကာလအတွင်း နှိပ်စက်ညှင်းပန်းမှုများ လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်၍ ပြီးစီးမှသာ ဦးဝှေ့တင်းအား မည်သို့ဆောင်ရွက်မည်ကို သိရမည်ဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုထားသည်။

ဗီဒီယိုများ