မင်းထွန်း | DMG
နိုဝင်ဘာ ၁၁ ၊ စစ်တွေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းကို ရက်ပေါင်း ၃၀ (တစ်လ)အတွင်း တင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အသိပေးထုတ်ပြန်လိုက်သည်။

တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်တင်မြောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ကို ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း အဆိုပါကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းခဲ့ကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်း ကြရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် UEC က ထုတ်ပြန်ခဲ့သည်။

“ဒါက ကိုယ်စားလှယ်လောင်းတိုင်းတင်ရတဲ့ ကိစ္စဖြစ်တဲ့အတွက် အဆင်မပြေလို့လည်း မရဘူး။ ကိုယ်စားလှယ်တိုင်း ရှုံးတဲ့သူရော၊ နိုင်တဲ့သူရော တစ်လအတောအတွင်းမှာ တင်ရမှာဖြစ်တယ်။ ဥပဒေကြောင်းအရ လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ပြဿနာတော့မရှိဘူး” ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသည့် ဦးအောင်မြကျော်က ဆိုသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းလျှင် သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေငြာခြင်းခံရမည်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ်သိန်း (၁၀၀)ထက် ပို၍သုံးစွဲခြင်းမပြုရကြောင်း ရွေးကောက်ပွဲနည်းဥပဒေ ၇၄ တွင် ဖော်ပြထားသည်။

“ကျနော်က နိုင်ငံရေးဆက်လုပ်မယ့်သူဆိုတော့ ကုန်ကျစရိတ်တွေကို တင်သွင်းသွားမှာဖြစ်တယ်။ သူတို့ UEC က သတ်မှတ်ထားတဲ့ကာလအတွင်းမှာ တင်သွင်းသွားမှာပါ”  ဟု စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့သည့် ဦးနိုင်စိုး က ပြောသည်။  

လက်ရှိ မဲရလဒ်များအရ စစ်တွေမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပခွင့်ရခဲ့သည့် မဲဆန္ဒနယ်အများစုတွင် ရခိုင်အမျိုးသားပါတီက အနိုင်ရရှိကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ဆက်စပ်ဖတ်ရှုန် -

Author: Admin