
မျိုးမြင့်ဇော် | DMG
စက်တင်ဘာ ၁၉ ၊ ငပလီ
ငါးဖမ်းရာသီပြန်စချိန်ရောက်လာပြီဖြစ်သော်လည်း ကိုဗစ်ကာလဖြစ်သည့်အတွက် ငပလီမြို့မှ ကမ်းနီးငါးဖမ်း လုပ်ငန်းရှင်များမှာ လုပ်ငန်းပြန်လည်စတင်ရန်အတွက် အခက်အခဲကြုံတွေ့နေကြရကြောင်း ငါးဖမ်း လုပ်ငန်းရှင်များထံမှ သိရသည်။
ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် ငါးဖမ်းရာသီရောက်လျှင်ငါးဖမ်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ သော်လည်း လက်ရှိအချိန်ထိ လုပ်ငန်းမစတင်နိုင်သေးကြောင်း ငပလီမြို့ ကျော့ပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝေစိုးကဆိုသည်။
ယခုကဲ့သို့ ကိုဗစ်ကာလတွင် လုပ်သားများခေါ်ယူရန် အဆင်မပြေမှုမှာလည်း လုပ်ငန်းလည်ပတ်ရန်အတွက် အခက်အခဲတစ်ခုဖြစ်နေကြောင်း ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ဝေစိုးကဆိုသည်။
“ကျွန်တော်တို့မှာ လူ(လုပ်သား)အခက်အခဲရှိတယ်။ ငါးဝယ်တဲ့လူအခက်အခဲရှိတယ်။ ဒီငါးတွေကိုတရုတ်တို့၊ ဘင်္ဂလားဒေ့ရှ့်တို့၊ ယိုးဒယားတို့ကိုပို့နေတဲ့အခါကျတော့ ကျနော်တို့ဆီကို ဝယ်သူတွေလည်းမလာတော့ဘူး” ဟု ၄င်းကဆိုသည်။
ယခုကဲ့သို့ ငါးဖမ်းလုပ်ငန်းရှင်များ၏ အခက်အခဲများကို တာဝန်ရှိသူများအနေဖြင့် လာကြည့်စေချင်သည်ဟု ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျော်သန်းက ပြောသည်။
“ကျွန်တော်တို့ဒေသမှာ ရေလုပ်ငန်းနဲ့ထိစပ်နေတဲ့သူတွေဟာ စားဝတ်နေရေး တော်တော်များများကို အခက်အခဲ ရောက်နေကြတယ်။ အဲဒါတွေကိုလည်း နိုင်ငံတော်အဆင့်လူကြီးတွေက သိစေချင်တယ်။ ကွင်းဆင်းလေ့လာ ပြီးတော့ ကျွန်တော်တို့ဒေသမှာ ဘယ်လိုဖြစ်နေလဲဆိုတာကို ကြည့်စေချင်တယ်” ဟု ၎င်းကဆိုသည်။
ငါးဖမ်းလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းစတင်နိုင်ရန်အတွက် အနည်းဆုံးငွေကျပ်သိန်းနှစ်ရာခန့်အထိ ရင်းနှီး ထားကြရပြီး လက်ရှိမှာ လုပ်ငန်းမစတင်နိုင်သေးသည့်အတွက် ဆုံးရှုံးနစ်နာမှုများစွာရှိနေကြောင်း ဦးကျော်ဝေစိုးက ပြောသည်။
“ကျနော်တို့က ကိုဗစ်ပထမလှိုင်းမှာလည်းထိခိုက်ခဲ့တယ်။ အခုဒုတိယလှိုင်းမှာလည်း ထပ်ထိတယ်။ ဒီအတွက် ကျနော်တို့ အများကြီးခံစားရပါတယ်။ အဲ့တာကြောင့် နောက်ထပ်လတွေအထိ လည်ပတ်လို့ရအောင် ကိုဗစ် ချေးငွေရရှိအောင် လုပ်ငန်းရှင်တွေအတွက်တင်ပြထားပေးပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ကိုလည်း ပြောထားပါတယ်” ဟု ၎င်းကဆိုသည်။
သံတွဲခရိုင်အတွင်းမှ ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များ အခက်အခဲရှိနေခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင် ရမည်ကို ပြည်နယ်အစိုးရမှညွှန်ကြားထားခြင်းမရှိသေးကြောင်း သံတွဲခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးထွန်းသိန်းကပြောသည်။
“နိုင်ငံတော်အစိုးရရဲ့ ချေးငွေတွေကိုရအောင် သူတို့လျှောက်တယ်။ လျှောက်ရင် ကျွန်တော်တို့က ထောက်ခံ ပြီးတော့ တင်ပေးထားတယ်။ သူတို့အတွက် ငွေကြေးအတိုင်းအတာတစ်ခုရရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့” ဟု ဦးထွန်းသိန်းက ဆိုသည်။
သံတွဲခရိုင်တွင်နေထိုင်သူအများစုမှာ ရေလုပ်ငန်းကိုမှီခိုနေကြရပြီး ငပလီမြို့၊ ဂျိုတ္တောရပ်ကွက်တစ်ခုထဲတွင် ကမ်းနီငါးဖမ်းလုပ်ငန်းရှင် ၈၅ ဦးနှင့် ရေလုပ်သားနှစ်ထောင်ကျော်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။




