မေ ၂၁၊ သံတွဲ

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်တွင် ယနေ့ မေလ ၂၁ ရက်နေ့၊ နံနက်သုံးနာရီခန့်က နေအိမ်တစ်လုံး မီးလောင်ခြင်းနှင့်ပတ်သက်ပြီး ငပလီတွင် နေအိမ်တစ်လုံး မီးလောင်ပြီး အိမ်ပိုင်ရှင်၏ သမီးတစ်ဦး ပျောက်ဆုံးနေ ဆိုသည့် သတင်းကို DMG မှ တင်ဆက်ခဲ့သည်။

လက်ရှိမှာ အဆိုပါ ပျောက်ဆုံးနေသူအား နေ့လယ်ပိုင်းအချိန်တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ဂျိတ္တောနယ်မြေရဲစခန်းမှ သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်ခင်ပုံ၏သမီး မပေါက် ၄၀ နှစ်မှာ စိတ်ဝေဒနာသည်ဖြစ်သဖြင့် မီးလောင်စဉ် ကြောက်လန့်ပြီး ထွက်ပြေးသွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကာ လက်ရှိမှာ အသက်ရှင်လျက် တွေ့ရှိပြီဖြစ်ကြောင်း ဂျိတ္တောနယ်မြေရဲစခန်းမှူး ရဲအုပ်မြဝင်းက နေ့လယ် ၁ နာရီခန့်က DMG သို့ ပြောသည်။

ယင်းအမျိုးသမီးမှာ ကိုယ့်အိမ်ကို မီးရှို့ခဲ့သည်ဆိုသည့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားချက်များမှာ မဟုတ်မမှန် သတင်းများသာဖြစ်ကြောင်းလည်း ဂျိတ္တောနယ်မြေရဲစခန်းမှူးက ဆက်လက်ပြောကြားသည်။

အဆိုပါနေအိမ် မီးလောင်ကျွမ်းမှုမှာ မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် ရပ်ရွာ လူထုက အချိန်မီဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် အခြားနေအိမ်များသို့ မကူးစက်မီ မီးငြိမ်းသတ်နိုင်ခဲ့ကြသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ပိုင်ရှင်အား ဂျိတ္တောနယ်မြေရဲစခန်းတွင် (ပ)၁၃၂/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Author: DMG