ဝင်းညွန့် | DMG
ဇန်နဝါရီ ၄ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေကို ကျူးကျော်ဝင်ရောက်ဆောက်လုပ်ထားသော ဟိုတယ်များကို အစိုးရက အရေးယူဆောင်ရွက်ရန် ကြန့်ကြာနေမှုနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေက ဒီဇင်ဘာလ (၃၀)ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်တွင် မေးမြန်းခဲ့သည်။
ကမ်းခြေကို ကျူးကျော်ဆောက်လုပ်ထားသည့် ဟိုတယ် (၉)လုံးအနက် Aureum Palace ဟိုတယ် တစ်ခုတည်းကိုသာ တရားစွဲထားသည်။ ကျန်ရှိသော ဟိုတယ် (၈)လုံးကို တရားဥပဒေနှင့်အညီ တရားစွဲဆိုရန် ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကိုလည်း ဧပြီလ (၂၉)ရက်နေ့က တင်သွင်းခဲ့သည်။
သို့သော် အရေးယူဆောင်ရွက်မှု ကြန့်ကြာနေသောကြောင့် ယခုတစ်ဖန် လွှတ်တော်တွင် မေးမြန်းခြင်း ဖြစ်သည်။
“ယခင်ကျူးကျော်ထားတဲ့ ဟိုတယ်တစ်လုံးကိုသာ မြို့နယ်စီမံခန့်ခွန်ရေးကော်မတီက အဖွဲ့ဖွဲ့ပြီးတော့ တိုင်းတာပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ ဒေသန္တရ ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲသော်လည်း အခုကျန်ရှိနေတဲ့ ဟိုတယ်တွေကို ၄င်းဟိုတယ်ကဲ့သို့ အရေးယူခြင်းမရှိသည်ကို စဉ်စားစရာ၊ မေးခွန်းထုတ်စရာ ဖြစ်နေတယ်” ဟု ဦးနိုင်ကြွေအေးက ပြောသည်။
လက်ရှိတွင် အဆိုပါဟိုတယ်ကိစ္စနှင့်ပတ်သက်ပြီး ဥပဒေချုပ်ထံတွင် ဥပဒေအကြံပြုချက်တောင်းခံထားပြီး ဥပဒေအကြံပြုချက်ရလျှင် ဆောင်ရွက်သွားမည်ဟု ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြန်လည်ဖြေကြားခဲ့သည်။
“ဥပဒေအကြံပြုချက်မှာ ကျနော်တို့ အဓိကလိုချင်တဲ့ ဟိုတယ် ၈ လုံးရဲ့ ပိုင်ဆိုင်မှုနယ်နမိတ်ကို ဝင်ရောက်တိုင်းတာရာမှာ သက်ဆိုင်ရာဟိုတယ်များရဲ့ သဘောတူခွင့်ပြုချက်လို၊မလို သက်ဆိုင်ရာဟို တယ်များက ဝင်ရောက်ခွင့်မပြုပါက ဥပဒေနဲ့အညီ မည်ကဲ့သို့ဆောင်ရွက်မည်ကို အကြံပြုချက်အနေနဲ့ ထပ်မံလိုအပ်သေးတဲ့အတွက် ဥပဒေချုပ်ဆီကို အဲဒီဥပဒေအကြံပေးချက် ပေးဖို့အတွက်လည်း ကျနော်တို့ တောင်းခံထားရှိလျှက် ရှိပါတယ်။ ဥပဒေအကြံပြုချက်ရရင်တော့ ကျနော်တို့ ဥပဒေအကြံနဲ့အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးကျော်အေးသိန်း ကဆိုသည်။
ပြည်သူများ ကျူးကျော်ဆောက်လုပ်လျှင် ဒေသန္တရာအမိန့်များဖြင့် ချက်ချင်တရားစွဲနိုင်ပြီး ဟိုတယ်များကျူး ကျော်ဆောက်လုပ်လျှင် ဒေသန္တရအမိန့်ဖြင့် တရားမစွဲဆိုနိုင်ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု ဦးနိုင်ကြွေအေးက ပြောသည်။
“နောက်ကျနော့်မေးခွန်းမှာ မည်သည့်အချိန်မှာ တရားစွဲဆိုသွားမှာ သိလိုပါတယ်။ တစ်ပတ်အတွင်းလား၊ တစ်လအတွင်းလားဆိုတာ အချိန်မည်မျှလဲဆိုတာကို သိရှိလိုတဲ့အတွက် ထပ်မံမေးမြန်းရခြင်းဖြစ်တယ်” ဟု ၄င်းက ထပ်မံမေးခွန်းထုတ်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးဦးကျော်အေးသိန်းက ကမ်းခြေတွင် ကျူးကျော်နေသော ယာယီဈေးများကို ပုဒ်မ ၁၈၈ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ဟိုတယ်များမှာ လွန်ခဲ့သည့် (၁၀)နှစ်ခန့်က ဆောက် လုပ်ထားသဖြင့် နှစ်စဉ်ထုတ်သော ဒေသန္တရအမိန့်နှင့် သက်ဆိုင်ခြင်းမရှိဟု ပြန်လည်ဖြေကြားခဲ့သည်။




