မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၉၀) ကျော် နုတ်ထွက်စာတင်ပြီးနောက်တွင် နေအိမ်များတွင် ရခိုင်အလံများ လွှင့်ထူလာကြခြင်းဖြစ်သည်။

ခိုင်ရိုးလ | DMG
စက်တင်ဘာ ၂၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အချို့တွင် ပြီးခဲ့သည့် မတ်လအတွင်းက နေအိမ်များရှေ့၌ ရခိုင်ပြည်နယ်အလံများကို လွှင့်ထူမှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါအလံလွှင့်ထူခြင်းကို မည်သူမျှစည်းရုံလှုံ့ဆော်ခြင်းမရှိဘဲ နေအိမ်များတွင် ကျယ်ကျယ်ပြန့်ပြန့် လွှင့်ထူ လာကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ယခုကဲ့သို့ ရခိုင်ပြည်နယ်အလံများလွှင့်ထူလာခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးခြားနေသဖြင့် အလံလွှင့်တူသည့်နေအိမ်များ၏ စာရင်းကိုကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ နေအိမ်များတွင် ရခိုင်ပြည်နယ်အလံလွှင့်ထူသောဖြစ်စဉ်သည် ရာဇသတ်ကြီးအခန်း(၆)၊ ပုဒ်မ ၁၂၁ တွင် ပြည်ထောင်စုနိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သောပြစ်မှုအား ကျူလွန်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အား ဆန့်ကျင်သည့်အဖွဲ့အစည်း၊ နိုင်ငံတော်အား ဖြိုဖျက်ရန်အခြားနည်းလမ်းတစ်ခုဖြင့် ပြင်ဆင်ဆောင်ရွက်မှုတွင် လှုံ့ဆော်မှုတစ်ရပ်အနေဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဆိုသည်။

“ဖောက်ဖျက်ကျူးလွန်သူများအား ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြခဲ့မှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၆-၃-၂၀၁၉ ရက်စွဲပါစာအမှတ် ၅၁၀/၃/၆-၁(လုံခြုံ) အရဖ(ရခိုင်)ဖြင့် မိမိမြို့နယ်အတွင်း ပြည်နယ်အလံလွှင့်ထူနေသူ များအား ခေါ်ယူတွေ့ဆုံရန်။ လှုံ့ဆော်မှုကြောင့် လွှင့်ထူထားသည့်အလံများကိုဖြုတ်၍ မဖြုတ်သေးပါက ဥပဒေ ပုဒ်မ ၁၂၁ နဲ့ ငြိမ့်စွမ်းကြောင်း၊ ဥပဒေပုဒ်မအား ရှင်းပြရန်၊ ဝန်ခံကတိရေးထိုးရန်၊ သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ထံ အကြောင်းကြားခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

ထို့ပြင် အလံလွှင့်ထူမှုကိစ္စသည့် နိုင်ငံတော်အထိမ်းအမှတ်များ(ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေပုဒ်မ - ၇ နှင့်လည်း အရေးယူနိုင်ကြောင်း ၎င်းကဆိုသည်။

သို့သော် ရခိုင်ပြည်သူများအနေဖြင့် ရခိုင်ပြည်နယ်အလံကို လွှင့်ထူခြင်းသည် ပြည်ထောင်စုအစိုးရအား ဆန့်ကျင်ကျူးလွန်ခြင်းမဟုတ်သဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မများဖြင့် ပြည်သူများကို ကြောက်လန့်အောင် ခြိမ်းခြောက်သည့်သဘောဖြစ်နေကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ရခိုင်ပြည်နယ်အလံ လွှင့်ထူခြင်းသည် ပြည်ထောင်စုအစိုးရကို ဆန့်ကျင်ကျူးလွန်သော၊ နိုင်ငံတော်အားဖြိုဖျက်ရန် အခြားနည်းလမ်းတစ်ခုခုဖြင့် ပြင်ဆင်ဆောင်ရွက်မှုတွင် လှုံ့ဆော်မှုတစ်ရပ်ဖြစ်သော ပြစ်မှုမျိုးမဟုတ်ကြောင်း လေ့လာသိရှိထားပြီး ပြည်သူများအား ကြောက်လန့်အောင် စိုးရိမ်ထိတ်လန့်အောင် ခြိမ်းခြောက်သည့်သဘောမျိုးသက်ရောက်နေတယ်” ဟု ဦးလှသိန်းအောင်က ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရမှပြောသည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ ၁၂၁ သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ကျူးလွန်သူအား သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေချမှတ်စီရင်နိုင်သည်။ ထို့ပြင် နိုင်ငံတော် အထိမ်းအမှတ်များ ဆင်ယင်ပြသမှု အက်ဥပဒေပုဒ်မ-၇ မှာလည်း ကျူးလွန်သူအား ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည်။

Related Post : မြောက်ဦးရှိ နေအိမ်များတွင် ရခိုင်ပြည်နယ်အလံ လွှင့်ထူ

Author: Admin