ပိတ်မိနေသည့် မင်းပြားဒေသခံသုံးထောင်ကျော်ကို ၆ ရက်ကြာသည့်တိုင် မကယ်ထုတ်နိုင်သေး

မင်းပြားမြို့နယ် ဖုံသာချောင်းတဝိုက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ သြဂုတ်လ ၄ ရက်နေ့မှ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့အထိ ပိတ်မိနေကြခြင်းဖြစ်သည်။

10 Aug 2019

 

ဝင်းညွန့် | DMG

သြဂုတ် ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တိုက်ပွဲများကြောင့်ပိတ်မိနေသည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံသုံးထောင် ကျော်ကို ၆ ရက်ကြာသည့်တိုင် ကယ်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မင်းပြားမြို့နယ် ဖုံသာချောင်းတဝိုက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများမှာ သြဂုတ်လ ၄ ရက်နေ့မှ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့အထိ ပိတ်မိနေကြခြင်းဖြစ်သည်။

အဆိုပါ ဒေသခံများမှာ တိုက်ပွဲကြောင့် မင်းပြားမြို့ဘက်သို့ နေရပ်စွန့်ခွာထွက်ပြေးလာစဉ် လမ်းခုလတ်ရှိ လက်ခုတ်ကျေးရွာတွင် တပ်မတော်သားများမှ တားဆီးပြီးနေရပ်ပြန်ခိုင်းခဲ့ကာ ၎င်းကျေးရွာများသို့ သွားရောက်မည့် သံဃာတော်များနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ကိုလည်း တပ်မတော်မှ တိုက်ပွဲနယ်မြေဟု အကြောင်းပြကာ သွားရောက်ခွင့်တားမြစ်ထားကြောင်း သိရသည်။

“အရင်တစ်ခေါက်ကထက် အခုတစ်ခေါက်က အခြေအနေပိုတင်းမာလာတဲ့ အနေအထားဆိုတော့ အထဲမှာ ရှိနေတဲ့ပြည်သူ့တွေအတွက် စိုးရိမ်ကြောင့်ကြမူတွေ အခုပိုဖြစ်လာတယ် ” ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

လက်ရှိတွင် ကျေးရွာ ၁၄ ရွာမှ ပိတ်မိနေသည့်ဒေသခံ သုံးထောင်ကျော်မှာ မြို့ပေါ်သို့ ဈေးရောင်း၊ ဈေးဝယ်လည်း သွားလာခွင့်မရကြသဖြင့် အစားအသောက်များအခက်အခဲဖြစ်လာကာ ၎င်းကျေးရွာများတွင် စာသင်ကျောင်းအချို့လည်းပိတ်ထားရပြီး ကျန်းမာရေးအပိုင်းတွင်လည်း အခက်အခဲရှိနေသည်။

“အခုက ကျန်းမာရေးကိစ္စတွေမှာ ဒုက္ခရောက်တယ်၊ ကျောင်းမတက်ရတဲ့ ကလေးတွေဆိုရင် ကျောင်းမတက်ရ ဘူး။ ဆေးခန်းတော့ရှိတယ်၊ ဒါပေမဲ့ သူနာပြုဆရာမတွေလေ့ မရောက်နိုင်ဘူး။ ကျန်းမာရေးအခက်ခဲတွေရှိ တယ်” ကျောက်ဆုံကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

မင်းပြားမြို့နယ်အတွင်းမှ တိုက်ပွဲကြောင့် ပိတ်မိနေသည့်ကျေးရွာမှာ စေတီရံ၊ ငတက်၊ ကျော်မော်၊ ဖုံသာ ပုလဲတောင်၊ အိုးပုံတောင်၊ ပြိုင်းချောင်း၊ ငန်းတက်၊ ခွဆုံ၊ နတ်မော်၊ မောင်ပုတ်ကေ၊ ညောင်ခြုံ၊ ကျောက်ဆုံ၊ စိတ္တရ၊ လက်ခုတ် စသည့်ကျေးရွာများပါဝင်သည်။