ခိုင်ရိုးလ/ DMG
ဇူလိုင် ၁၃၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပွားနေမှုကြောင့် ယနေ့ ဇူလိုင် ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် အသက် ၁၆ နှစ်အရွယ်ကလေးငယ်တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်တော်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု၊ ဘူးသီးတောင်ကျေးရွာမှ မောင်စိုးမင်းနိုင် ဆိုသူမှာ သရက်တပင်နှင့် ရွှေတလဲကျေးရွာကြား တံတားကို ဖြတ်သွားစဉ် ရေစီးနှင့်မျောပါသွား ခြင်းဖြစ်သည်။
အဆိုပါ လူငယ်အား အနီးနားဒေသခံများမှ ရှာဖွေကူညီ ကယ်ဆယ်ကာ ပရဟိတအသင်း ကားဖြင့် ကျောက်တော်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ် သရက်တပင်အခြေစိုက် ရွှေကရုဏာ ပရဟိတလူငယ် သွေးလှူရှင်များအသင်း ဥက္ကဌ ဦးဘိုအောင်သိန်းက DMG ကို ပြောသည်။
“သရက်တပင်နဲ့ ရွှေတလဲကျေးရွာကြား ချောင်းကူးတံတားမှာ ရေပြည့်နေပါတယ်။ အဲဒီတံတားကို သူကဖြတ်သွားတဲ့အခါ ရေအရှိန်နဲ့ မျောပါနစ်မြုပ်သွားတာပါ။ အဲဒါကို အနီးနားကလူတွေ အနီးတဝိုက်မှာ ရှာဖွေကြတော့ အသက်ရှင်လျှက်တွေ့တော့ ကျွန်တော်တို့အသင်းက ဆေးရုံကို အရေးပေါ်လိုက်ပို့ခဲ့ပါတယ်။ အဲဒါနဲ့ ကျောက်တော်ဆေးရုံမှာ ညနေ ၃ နာရီကျော်လောက်က သေဆုံးသွားခဲ့တာပါ” ဟု ဦးဘိုအောင်သိန်းကပြောသည်။
မောင်စိုးမင်းနိုင်အား ယနေ့ နေ့လည်ပိုင်းတွင် ယင်းအနီးနားမှ ဒေသခံများက ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သူ ဘူးသီးတောင်ရွာသူ မအေးအေးသွယ်က ပြောသည်။
“ရွှေတလဲနဲ့ သရက်တပင်ကျေးရွာကြား တံတားနားမှာ ဒီနေ့ ၁၁ နာရီကျော်လောက်က နေရနစ်မြုပ်သွားတာပါ။ အဲဒီအနီးနားမှာ ရှာကြပြီး သူ့ကိုတွေ့ပါတယ်။ နောက်ပြီး ကျောက်တော်ဆေးရုံကို ပို့လိုက်တာပါ။ ဆေးရုံမှာရောက်ပြီးမှ သေသွားတာပါ” ဟု ဘူးသီးတောင်ရွာသူ မအေးအေးသွယ်ကပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။
ယင်းအပြင် ရန်ကုန်-စစ်တွေကားလမ်းပိုင်း တချို့ကိုလည်း ရေကျော်ဝင်ရောက်နေသဖြင့် ခရီးသည်တင်ကားများ သွားလာရ ခက်နေကြသည်။




