နေရောင်မင်း|DMG
ဇူလိုင်လ ၂၀၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၀ ရက်နေ့ကစတင်ပြီး လေးရက်ကြာရေကြီးမှုဖြစ်ပွားခဲ့သဖြင့် စစ်ဘေး ရှောင်များ မှာ ထိခိုက်လွယ်သည့်အခြေအနေတွင်ရှိနေကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ဇူလိုင်လ ၁၉ ရက်နေ့တွင် အစီအရင်ခံစာထုတ်ပြန်လိုက်သည်။
ရေဘေးဒဏ်ဖြစ်ပေါ်နိုင်ခြေရှိသည့် နေရာများရှိ ရွာများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူစခန်းများတွင် နေထိုင် သော မွတ်ဆလင်များမှာ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံရမှုကြောင့် ရေဘေးဒဏ်ခံရပါက ပိုမို ထိခိုက် လွယ်သည့် အခြေအနေတွင်ရှိသောကြောင့် စိုးရိမ်ပူပန်မှုအချို့ရှိနေသည်ဟု အစီအရင်ခံစာတွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်အစိုးရမှ ရေဘေးတုံ့ပြန်ကယ်ဆယ်ရေလုပ်ငန်းများအတွက် ကူညီပံ့ပိုးရန် တရားဝင် အကူအညီ တောင်းခံမှုမရှိသေးသော်လည်း UNOCHA နှင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး မိတ်ဖက် အဖွဲ့ အစည်းများအနေဖြင့် အခြေအနေကို ဆက်လက်အနီးကပ် စောင့်ကြည့်လေ့လာနေသည်ဟု ဖော်ပြထားသည်။
ယခု အခြေအနေမှာ မုတ်သုန်ရာသီ ကနဦးအစသာဖြစ်ပြီး ဆက်လက်သတိထားစောင့်ကြည့်ရန် လိုအပ်သည်။ ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ချက်များကို လက်ရှိတွင် ထိရောက်စွာ ဆောင်ရွက်ထားသကဲ့သို့ ဆက်လက် ထိန်းသိမ်းလုပ်ဆောင်ရန်လိုအပ်ကြောင်း၊အခြေအနေမှာ ပြောင်းလဲလွယ်သည့် အနေအထားရှိကြောင်းလည်း သတိပေးထားသည်။
အကယ်၍ မုတ်သုန်ရာသီအတွင်း ရေဘေးအခြေအနေ ဆိုးရွားစွာထပ်မံဖြစ်ပေါ်ခဲ့ပါက လူသားချင်း စာနာမှု ဆိုင်ရာ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ပိုမိုအဆင်ပြေ၊ကောင်းမွန်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သွားလာခွင့် ရှိရေး မှာ အလွန်အရေးကြီးကြောင်းလည်း အစီအရင်ခံစာတွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် ကျောက်တော်၊မြောက်ဦးနှင့်မင်းပြားမြို့နယ်တို့တွင် ရေကြီးမှုဖြစ်ပွားခဲ့သောကြောင့် လူပေါင်း (၁) သောင်းခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု အစိုးရက ပြောဆိုထားသည်။ရေဘေးကြောင့် နေအိမ်များ ပျက်စီးမှုများရှိခဲ့ကာ ကျွဲ၊နွားပျောက်ဆုံးမှုများရှိခဲ့သည်။ထို့ပြင် လယ်ယာမြေ ဧက (၇)သောင်း ခန့်ပျက်စီးမှုရှိခဲ့သည်။
ရခိုင်၊ကချင်၊မွန်၊ချင်းနှင့်မန္တလေး၊ပဲခူး၊စစ်ကိုင်း၊မကွေးတို့တွင် ရေကြီးမှုဖြစ်ပွားခဲ့သောကြောင့်လူဦးရေ (၄) သောင်းကျော်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟုအဆိုပါ အစီအရင်ခံစာတွင်ဖော်ပြချက်အရ သိရသည်။




