
နှင်းနွယ် | DMG
နိုဝင်ဘာ ၂၅ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဘဏ်မှငွေထုတ်ပြီးပြန်လာသည့် ပဒါကျေးရွာသားတစ်ဦးအား တုတ်၊ဓါးများကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က ပဒါကျေးရွာမှ ကိုအောင်လွင်(၃၁)နှစ်နှင့် ၄င်း၏ ညီမဖြစ်သူတို့မှာ တောင်ကုတ်မြို့မှ ငွေထုတ်၍ပြန်လာကြရာ ကမာကျေးရွာအလွန်၌ မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုမှ ဆိုင်ကယ်ကိုရပ်ခိုင်းကာ အကိုဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပဒါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အုန်းမြင့်က DMG သို့ ပြောသည်။
“ညီမဖြစ်သူရဲ့ပြောကြားချက်အရဆိုရင် သူတို့ပြန်လာတဲ့လမ်းမှာ လူလေး၊ငါးယောက်က ဆိုင်ကယ်ကိုရပ်ပြီး ဒူးထောက်ခိုင်းတယ်ပေါ့။ ပြီးတော့ အကိုဖြစ်သူကို ရိုက်နှက်ပြီးခေါ်သွားပြီးတော့ ညီမကိုထားခဲ့တယ်တဲ့။ ညီမ ဖြစ်သူကလည်း ခေါင်းကိုအောက်ငုံ့ထားရတော့ အဲဒီလူတွေရဲ့ပုံစံကို မှတ်မရလိုက်ဘူးလို့ပြောတယ်။ ငွေတွေ၊ ဘာတွေတော့ တစ်ခုမှပါမသွားပါဘူး’’ ဟု ၄င်းကပြောသည်။
ယင်းသို့ ဖမ်းဆီးခံရသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ ပြောဆိုချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားကြောင်းလည်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။
လက်ရှိတွင် ၄င်းအား မည်သည့်အဖွဲ့အစည်းမှ ဖမ်းဆီးသွားသည်ကို မသိရှိရသော်လည်း စုံစမ်းစစ်ဆေးပေးရန် အတွက် မိသားစုဝင်များက ရဲစခန်းတွင် သွားရောက်အကြောင်းကြားထားကြောင်းလည်း သိရသည်။
မိသားစုဝင်များအနေဖြင့် ၄င်း၏အသက်အန္တရာယ်ကိုစိုးရိမ်၍ အမှုဖွင့်တိုင်ကြားခြင်းမရှိသော်လည်း ဖမ်းဆီး သွားသူများအား စုံစမ်းလျက်ရှိကြောင်း တောင်ကုတ်မြို့နယ်၊ လမူးတိုက်နယ်ရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းက ပြောသည်။
“ဖမ်းဆီးသွားတဲ့သူတွေကို သက်သေအထောက်ထား ခိုင်မာရင်တော့ ဖမ်းမှာပေါ့။ သက်သေကလည်း မိသားစု ဝင်တွေဆီက ထွက်မှာမဟုတ်ဘူး။ စုံစမ်းရအုံးမယ်။ ယူနီဖောင်းတွေ ဝတ်ထားတာလည်းမဟုတ်ဘူး။ အရပ်ဝတ်နဲ့ မျက်နှာဖုံးစွပ်ပြီး တုတ်၊ဓားကိုင်ထားတာဆိုတော့ မျက်မြင်ကလည်း သက်သေမဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် မိသားစုဝင်တွေက အမှုမဖွင့်ရင်တောင် ကျနော်တို့ဆီမှာ အကြောင်းကြားထားတဲ့အတွက် စုံစမ်းရမယ့်တာဝန် ရှိတယ်”ဟု ၄င်းကပြောသည်။
တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ အပ်စိုက်ဆေးဆရာတစ်ဦးအား ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က အရပ်ဝတ်ဝတ်ကာ လက်နက်များကိုင်ဆောင်ထားသည့်လူတစ်စုမှ လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့ပြီး အဆိုပါ အမှုကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး တရားခံများကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်း တောင်ကုတ်မြို့နယ် ရဲစခန်းမှ သိရသည်။




