ဝင်းညွှန့်|DMG

ဇူလိုင် ၂၀၊ စစ်တွေ

“AA သမိုင်းကြောင်း သိကောင်းစရာ” စာအုပ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနှင့်ပတ်သက် ပြီး အချက်လက် မှားယွင်းစွာ ရေးသားခဲ့သည့်အတွက် စာရေးဆရာ သောင်းဝေဦးက ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တောင်းပန်လိုက်သည်။

စာအုပ်တွင် ပါဝင်သည့် ဓာတ်ပုံအချို့ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့သဖြင့် ဥပဒေအရ အရေးယူနိုင်ရန်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဒေါ်ထုမေက ဇွန်လ ၂၁ ရက်နေ့က တိုင်ကြားခဲ့ပြီးနောက် ယင်းသို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။

ဒေါ်ထုမေ၏ ဓာတ်ပုံအား ကာယကံရှင်၏ ခွင့်ပြုချက်မတောင်းခံဘဲ စီးပွားဖြစ် ထုတ်ဝေဖြန့်ချိရာတွင် မမှန်မကန် အသုံးပြုခဲ့ခြင်းသည် စာရေးသူ၏ မှားယွင်းချက်ဖြစ်ကြောင်း၊ စာမျက်နှာ ၆၄ တွင် ရခိုင်လွှတ်တော်အမတ်ဖြစ်နေ ခြင်းဟု ဒေါ်ထုမေ၏ဓာတ်ပုံအား ရည်ညွှန်းကာ အချက်အလက် မှားယွင်းစွာ ရေးသားဖော်ပြခဲ့ခြင်း စသည့် အချက်များအတွက် စာရေးဆရာ သောင်းဝေဦးက တောင်းပန်ထားခြင်းဖြစ်သည်။

ထိုသို့ တောင်းပန်မှုအပေါ် ၎င်းအနေဖြင့် လက်ခံသည်ဟု ဒေါ်ထုမေက ပြောသည်။

“ကျွန်မ တောင်းပန်ခိုင်းတဲ့အတိုင်းပေါ့နော်။ ဒီအကြောင်းအရာကနေပြီးတော့ မမှန်မကန်ဖြစ်တယ်။ စာရေးဆရာတစ်ဦးအနေနဲ့ ဒီလိုမျိုး တောင်ပန်ခဲ့ရင် ကျွန်မအနေနဲ့ ကျေအေးပေးမယ်ဆိုပြီးတော့ မီဒီယာကောင်စီက ညှိနှိုင်းပေးပါတယ်။ ဒါကြောင့် ကျွန်မ ဒါကို လက်ခံပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စာအုပ်တွင် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ ညစာစားပွဲသို့ တက်ရောက်စဉ် ဒေါ်ထုမေနှင့် ဒေါက်တာညိုထွန်းအောင်တို့ အမှတ်တရရိုက်ခဲ့သော ဓာတ်ပုံကို “ဒုစစ်ဦးချုပ် ညိုထွန်းအောင်၏ မိန်းမသည် ရခိုင်လွှတ်တော်အမတ်ဖြစ်နေခြင်း”ဟု မဟုတ်မမှန် ရေးသားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရေးသားဖော်ပြခဲ့မှုကြောင့် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို လွန်စွာ ထိခိုက်စေပြီး မြန်မာနိုင်ငံ၏ ဥပဒေပြုလွှတ်တော်ကိုပါ မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှား တွေ့ရ ကြောင်း၊ ထို့ကြောင့် စာရေးသူနှင့် ထုတ်ဝေသူမှ တာဝန်ခံလျှက် စာအုပ်ဆက်လက်ဖြန့်ချိမှု ချက်ချင်းရပ်ဆိုင်း၍ ဖြန့်ချိပြီးစာအုပ်များကိုလည်း ပြန်လည်သိမ်းပေးရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သည်။

သို့သော် ယင်းစာအုပ်နှင့်ပတ်သက်ပြီး စာရေးဆရာ သောင်းဝေဦး၏ တောင်းပန်စာတွင် နောက်ထပ် ရိုက်နှိပ် ဖြန့်ဝေခြင်းပြုတော့မည်မဟုတ်ကြောင်းဟုသာ ရေးသားထားပြီး ဖြန့်ချိပြီးစာအုပ်များကို ပြန်လည်သိမ်း ရန်ကိစ္စ မပါရှိပေ။

Author: Admin