ချလူးအောင် | DMG
ဖေဖော်ဝါရီ ၁၅၊ ဘူးသီးတောင်

ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသူများအနက် မခင်မေဦးမှာ မေးရိုးအစားထိုးကုသရန် လိုအပ်သဖြင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်မည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က DMG သို့ပြောသည်။

ယင်းစတုတ္ထတန်းကျောင်းသူမှာ ကျည်ဆံကြောင့် မေးရိုးထိခိုက်သွားသဖြင့် ဘူးသီးတောင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရသည်။ ယင်းနောက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ယင်းမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ပို့ဆောင်မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ဒီနေ့မနက်ပဲ အငူမော်လမ်းက စစ်တွေကို ယူဆောင်သွားတယ်။ အားလုံးဆေးရုံအစီအစဉ်နဲ့ပါ။ စစ်တွေဆေးရုံကို လွှဲပြောင်းတဲ့သဘောပါ။ စစ်တွေဆေးရုံကတဆင့် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းပေးသွားမှာပါ” ဟု ဦးရွှေလှအောင်က ပြောသည်။

လက်ရှိမှာ ယင်းကျောင်းသူမှာ စစ်တွေဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကာ မိသားစုဝင်များမှာ ငွေကြေးအခက်အခဲရှိနေသည်ဟု ဖခင်ဦးသန်းမောင်က ပြောသည်။

“အခက်အခဲကတော့ငွေပါ။ လက်ရှိ ကျနော့်မှာ ငွေနှစ်သိန်းလောက်တော့ပါလာတယ်။ အစ်မတစ်ယောက်နဲ့ ညီတစ်ယောက်ကို အဖော်ခေါ်လာပါတယ်။ လူနာနဲ့ဆို အားလုံး ၄ ယောက်ပါ” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်က ခမီချောင်းမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ကျောင်းသူ (၂၁)ဦး ဒဏ်ရာရရှိသွားပြီး မခင်မေဦး အပါအဝင် ကျောင်းသူနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်။ တခြားသူများမှာ သက်သာလာနေပြီဟု ဒေသခံများထံက သိရသည်။

ကျောင်းသား၊ကျောင်းသူများ လက်နက်ကြီးကျည်ထိမှန်ခံရမှုနှင့် ပတ်သက်ပြီး ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားနေသော တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့က မိမိတို့မပစ်ခတ်ဟုဆိုကာ အပြန်အလှန် ပြစ်တင်စွပ်စွဲနေကြသည်။

“ကျနော်တောင်းဆိုချင်တာကတော့ တပ်မတော်ဘက်ကိုရော၊ AA ဘက်ကိုပါ တောင်းဆိုချင်ပါတယ်။ အပြစ်မဲ့တဲ့ကလေးတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာမျိုး မလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မခင်မေဦး၏ ဖခင်က တောင်းဆိုသည်။

ကျောင်းသား၊ကျောင်းသူများ ယခုကဲ့သို့ ဒဏ်ရာရရှိသွားခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့်ယင်းဖြစ်စဉ်အပေါ် ရှုတ်ချကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားကြသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ(၁၃၀)ကျော်နှင့် ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)၏ စာရင်းအရ သိရသည်။

Author: Admin