ဓါတ်ပုံ - MUYA

သီဟ | DMG
ဒီဇင်ဘာ ၁၆ ၊ စစ်တွေ

ရခိုင်တွင် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ ဘုရားဖူးများရောက်ရှိလာကြသော အထင်ကရ ဘုရား၊ ပုထိုး၊ စေတီတော်တို့၌ စည်းကမ်းမဲ့စွန့်ပစ်မှိုက်များကြောင့် အမှိုက်များရှုပ်ပွ‌နေကြောင်း ဒေသခံများနှင့် ဘုရားဂေါပကထံမှ သိရသည်။

အထင်ကရ ဘုရား၊ ပုထိုး၊ စေတီတော်များတွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် ဘုရားပုရဝုဏ် အမြင်မတော်ဖြစ်ရပြီး ထိုသို့ မဖြစ်ပွားစေရေးအတွက် ဘုရားဂေါပကများတွင် တာဝန်အပြည့်အဝရှိကြောင်း မြောက်ဦးမြို့နယ်ရှေးဟောင်းယာဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ထောက်ပြပြောဆိုသည်။

“ဘုရားပတ်ဝန်းကျင်မှာ ဈေးရောင်းနေတဲ့သူတွေနဲ့ လာလည်တဲ့ ဘုရားဖူးတွေမှာလည်း တာဝန်ရှိပါတယ်။ ရောင်းတဲ့သူတွေကလည်း ပလတ်စတစ်တွေနဲ့ ထုပ်ပိုးပြီးတော့ ရောင်းချကြတယ်။ ဝယ်စားတဲ့သူတွေကလည်း ဝယ်စားပြီးတော့ လွယ်လွယ်ကူကူစွန့်ပစ်ခဲ့ကြလို့ အခုလိုဖြစ်ရတာ။ ဒီဖြစ်ရပ်တွေက ဘုရားနဲ့တကွ ပတ်ဝန်းကျင်တွေကို တော်တော်အကျည်းတန်စေတယ်။ ဒါကြောင့် လူတိုင်းက ကိုယ့်အမှိုက်ကို ကိုယ်သိမ်းရမယ်ဆိုတာ သိတတ်တဲ့လူမျိုး ဖြစ်ကြဖို့လိုပါတယ်” ဟု  ၎င်းက ဆက်၍ ပြောသည်။

ထိုသို့ စည်းကမ်းမဲ့ အမှိုက်များစွန့်ပစ်ခြင်းတို့ကြောင့် မြောက်ဦးလူငယ်များအစည်းအရုံးမှ  ဦးဆောင်ကာ Clean Mrauk-U Campaign အဖြစ် အမှိုက်ပုံများထားရှိပြီး ပညာပေးပိုစတာများ ကပ်ပေးသွားမည်ဖြစ်ကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်ထံမှ သိရသည်။

“ဒီကာလမှာက ဘုရားဖူးတွေက များလာတယ်လေ၊ ဒီတော့ အမှိုက်တွေကလည်း များလာတာပေါ့။ ဘုရားဖူးတွေရဲ့ အပြစ်ချည်းပဲတော့ မဟုတ်ပါဘူး၊ တကယ်တမ်းကျတော့ ဘုရား၊ ပုထိုးတွေရဲ့ ပုရဝုဏ်အတွင်းမှာ အမှိုက်ပုံးတွေမှ မရှိတာ။ ဒီလို အမှိုက်ပုံးတွေမရှိတော့ အမှိုက်တွေကို အလွယ်စွန့်ပစ်ကြရတော့ အခုလိုအမှိုက်တွေ ပွကုန်တာပေါ့” ဟု သူကပြောသည်။

အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် Clean Mrauk-U Campaign ကို Online Campaign နှင့် မြေပြင်ကန်ပိမ်းဟူ၍ နှစ်မျိုးခွဲထားကာ Online Campaign ကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ လှုပ်ရှားမှုပြုလုပ်နေကြောင်းနှင့် မြေပြင်ကမ်ပိမ်းကို ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အလားတူ ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားသို့ လာရောက်သည့် ဘုရားဖူးဧည့်သည်များက အမှိုက်များကို  စည်းကမ်းမဲ့ စွန့်ပစ်ခဲ့ကြ၍ ဒီဇင်ဘာလ ၁၄ ရက်နေ့ကစတင်ကာ အမှိုက်များကို စနစ်တကျစွန့်ပစ်ကြရန် လော်စပီကာများဖြင့် အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း ဘုရားဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝေစံထွန်းက ဆိုသည်။

“စနေ၊ တနင်္ဂနွေမှာဆိုရင် တစ်ရက်တစ်ရက်ကို ကားအစီးသုံးလေးရာနဲ့ အထက်လာကြတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီက အရပ်ဘက်အဖွဲ့အစည်းတွေ၊ အနီးအနားကျေးရွာတွေက စေတနာရှင် ပရဟိတလူငယ်တွေ ပူးပေါင်းပြီး ဘုရားသန့်ရှင်းရေးအတွက် တာဝန်ယူလုပ်ဆောင်နေတာရှိပါတယ်” ဟု သူကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်ခတ်ရပ်စဲထားပြီးနောက် တိုက်ပွဲဖြစ်ပွားမှုများ လျော့ကျလာသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ဘုရားဖူးသွားသူများဖြင့် ပြန်လည်စည်ကားစ ပြုလာနေသည်။

Author: Admin