မြတ်ဝင်းကျော် | DMG
နိုဝင်ဘာ ၉ ၊ ရန်ကုန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှစပြီး နှစ်လထုတ်ပြန်လိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပလက်ဝမြို့နယ်၌ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူများမှအပ သွားလာခြင်းမပြုရကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

ထို့အပြင် မြို့နယ်အတွင်းရှိလမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့်ဆိုင်သော အဆောက်အဦနေရာများတွင် ဆူပူလှုံ့ဆော်သော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ (၅)ဦး (သို့မဟုတ်) (၅)ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတို့ မပြုလုပ်ရကြောင်း ဆက်၍ဖော်ပြထားသည်။

“ကျန်းမာရေးကိစ္စတွေ ၊ သာရေးနာရေးကိစ္စတွေ အဲလိုဖြစ်လာလို့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားရမှာ ဖြစ်တယ်” ဟု ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ဆိုသည်။

ပလက်ဝမြို့နယ်အတွင်းတွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း အရပ်သားပြည်သူအယောင်ဆောင် ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု/ခေါ်ဆောင်မှုများဆောင်ရွက်ခဲ့ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သားအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ခြင်းများဖြစ်ပေါ်နေသဖြင့် ညအချိန် လွတ်လပ်စွာသွားလာခွင့် ဆက်ပြုပါက အကြမ်းဖက်မှုပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိ၍ ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ပလက်ဝမြို့နယ်၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား ၉ ဦးတို့ကို ရက္ခိုင့်တပ်တော်(AA) က ခေါ်ယူစစ်ဆေးခဲ့ပြီး အိန္ဒိယံနိုင်ငံသား ၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း လွှတ်တော်ကိုယ်စားလှယ်ကို ယနေ့အချိန်ထိ ထိန်းသိမ်းထားသည်။

Author: Admin