မျိုးသီရိကျော် | DMG
ဇူလိုင် ၁၀ ၊ ပလက်ဝ
လစာထုတ်ရန်နှင့် ဈေးရောင်းဈေးဝယ်ပြုလုပ်ရန် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေကြသည့် အစိုးရဝန်ထမ်းများနှင့် ဒေသခံစုစုပေါင်း ၄၀၀ ကျော်မှာ မြို့ပေါ်၌ သောင်တင်လျက်ရှိနေကြောင်း သိရသည်။
ကုလားတန်မြစ်အတွင်း ခရီးသွားစက်လှေများကို ပစ်ခတ်မှုများရှိနေသည့်အတွက် အစိုးရဝန်ထမ်းများနှင့် ခရီးသွားဒေသခံများမှာ ယခုကဲ့သို့ သောင်တင်နေခြင်းဖြစ်သည်ဟု ပလက်ဝမြို့ဒေသခံ ကိုတင်ထွန်းအောင်က ပြောသည်။
“ကျနော်တို့ ပလက်ဝမှာက အသက်အာမခံချက်တွေတော့ မရှိတော့ဘူးပေါ့။ ပလက်ဝမှာက စားဝတ်နေရေး ခက်ခဲတာကြောင့် အဲဒီအစိုးရဝန်ထမ်းတွေအတွက် အဓိက စားဝတ်နေရေး စိုးရိမ်စရာပါ” ဟု ၄င်းကဆိုသည်။
ပလက်ဝမြို့တွင် သောင်တင်နေသူများမှာ ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းရှိ ကျေးရွာ(၆၀)ကျော်မှ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ ပါဝင်ကြသည်။
၎င်းတို့မှာ ဇွန်လ ၂၈ ရက်နေ့မှစတင်ပြီး ပလက်ဝမြို့သို့ ရောက်ရှိလာကြရာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ဘဲ မြို့ပေါ်ရှိ ဆွေမျိုးနေအိမ်များနှင့် တည်းခိုခန်းများတွင်နေထိုင်လျက် ရက်ပေါင်း ၁၀ ကျော်ကြာ သောင်တင် နေကြသည်။
မိုးကြီးခြင်း၊ ဒေသမတည်ငြိမ်မှုများကြောင့် ပုံမှန်ပြေးဆွဲနေသည့် လိုင်းစက်လှေများ မထွက်သဖြင့် ပလက်ဝမြို့သို့ ရောက်ရှိလာကြသူများ ယာယီပိတ်မိနေခြင်းဖြစ်သည်ဟု ပလက်ဝမြို့နယ် စားနပ်ရိက္ခာအသင်းဥက္ကဋ္ဌ ဦးစိန်ထွန်းလှက ပြောသည်။
“လမ်းအဆင်မပြေတဲ့အတွက် ပိတ်မိနေတာဖြစ်တယ်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှုတွေ ရှိနေကြတယ်။ ဒါကြောင့် စက်လှေတွေကို မသွားခိုင်းဘူပေါ့။ ပလက်ဝမှာတော့ သူတို့ရောက်နေတာ ရက်တော့နည်းနည်းကြာပြီ”ဟု ၄င်းက ဆိုသည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသည့် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်ရှိပြီး အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြသည်။
လက်ရှိမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နှင့် အလှူရှင်များမှ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။




