မင်းထွန်း | DMG
မတ် ၁၈ ၊ စစ်တွေ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်(၂၂၀၀) ကျော်သည် ဆမီးမြို့တွင် ရောက်ရှိခိုလှုံနေကြပြီး သူတို့အတွက် နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းသန်းထိုက်က ပြောသည်။
လတ်တလောတွင် အဆိုပါ စစ်ဘေးရှောင်များကို ဆမီးမြို့ရှိ မူလတန်း၊ အလယ်တန်းစာသင်ကျောင်းများ၊ ဆောက်လုပ်ရေးဝန်ထမ်းအိမ်ရာ၊ ဘုန်တော်ကြီးကျောင်းများ စသည့်နေရာများတွင် နေရာချပေးထားသည်ဟု ဆလိုင်းသန်းထိုက်က ပြောသည်။
“(ပလက်ဝ)မြို့က သေးသေးလေးလေ။ လူဦးရေ (၄၀၀၀) ဝန်းကျင်ပဲရှိတာ။ အခုက အဲဒီလူဦးရေရဲ့ ထက်ဝက်ကျော်က ရောက်လာတော့ နေရတဲ့အဆောက်အအုံက ကြီးကြီးမားမား မရှိဘူးလေ။ ရှိတဲ့အဆောက်အအုံလေး တွေမှာချထားပေးပါတယ်။ ဘာသာရေးအဆောက်အုံတွေ၊ တချို့က လူနေအိမ်တွေမှာ လောလောဆယ် ထားတာတော့ရှိတာပေါ့။ နေရာတိုင်းကတော့ အမိုးအကာတွေ၊ ဖျာကအစ လိုအပ်ချက်တော့ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပလက်ဝမြို့နယ် အတွင်းမှ ဝက်မ၊ ပြိုင်တင်၊ မိတ်စာဝ၊ ငါးမျက်တောင်၊ ပြိုင်းတောင်နှင့် ဆားဝကျေးရွာများက ဒေသခံ ( ၂၂၀၀) ကျော်သည် ဆမီးမြို့သို့ ထွက်ပြေးတိမ်းရှောင် လာကြခြင်းဖြစ်သည်။
“အဓိကတော့ ဆေးဝါးလိုအပ်တယ်။ ပြီးတော့ မိုးကာတွေလိုအပ်တယ်၊ အိမ်သာဆောက်လို့ရအောင်၊ နောက် ရေသိုလှောင်ကန်တွေ လုပ်လို့ရအောင်၊ မိုးလို့ရအောင်၊ ခင်းလို့ရအောင်၊ တချို့နေရာတွေမှာဆိုရင် ခင်းမယ့်ဟာတွေ မရှိတဲ့အတွက် အောက်မှာဒီအတိုင်းပဲ အိပ်ခိုင်းတာတွေရှိနေတယ်။ လောလောဆယ် အဲဒါတွေ လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ဦးဘမောင်က ပြောသည်။
ယခုကဲ့သို့ အခက်အခဲ ဖြစ်ပေါ်နေခြင်းနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာများကို တင်ပြတောင်းဆိုထားကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံက သိရသည်။
အဆိုပါ ပလက်ဝမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ ကျေးရွာထဲသို့ လက်နက်ကျည်ဆန်များ ကျရောက်ပြီး အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိသူများ ရှိနေသောကြောင့် စိုးရိမ်ကြောက်လန့်ပြီး ဆမီးမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။




