- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော်မှပစ်ခတ်မှုကြောင့်သေဆုံးသူမှာ စိတ်မနှံ့သူဖြစ်ကြောင်းဆို
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ် မြို့သစ်ဈေးအနီးတွင် တပ်မတော်ကလုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ်လူတစ်ဦးအား ခြောက်လှန့်ပစ်ခတ်လိုက်၍ သေဆုံးသွားသူမှာ စိတ်မနှံ့သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
12 Jun 2020

အောင်ထိန် | DMG
ဇွန် ၁၂ ၊ ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ် မြို့သစ်ဈေးအနီးတွင် တပ်မတော်ကလုံခြုံရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ်လူတစ်ဦးအား ခြောက်လှန့်ပစ်ခတ်လိုက်၍ သေဆုံးသွားသူမှာ စိတ်မနှံ့သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့က တပ်မတော်မှ လုံခြုံရေးဆောင်ရွက်နေစဉ် ဓားမြောင်ကိုင်ဆောင်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးသည် ရန်မူတိုက်ခိုက်လိုသောအပြုအမူဖြင့် ချဉ်းကပ်လာရာ တားဆီးသော်လည်း ရပ်တန့်ခြင်း မရှိသည့်အတွက် ခြောက်လန့်ပစ်ခတ်ခဲ့ရာ ကျည်ဆံထိမှန်သေဆုံးသွားကြောင်း ဇွန်လ ၁၁ ရက်နေ့တွင် တပ်မတော်ကထုတ်ပြန်ထားသည်။
“သူသေဆုံးပြီးနောက်ပိုင်း ကျနော်ကို ရဲတွေနဲ့တပ်တော်သားတွေကခေါ်လာလို့ ကျနော်လည်းလိုက်ပြီး သွားကြည့်ခဲ့တယ်။ သူတို့က ဒီလူဟာဒီမြို့သစ်ရပ်ကွက်ကလား မေးတယ်။ ဟုတ်တယ် သူကစိတ်မနှံ့ဘူးလို့ ကျနော်ဖြေခဲ့တယ်”ဟု မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်က ပြောသည်။
သေဆုံးသူဦးညီညီ အသက် (၄၈)နှစ် လွယ်ထားသည့် ကျောပိုးအိတ်ထဲတွင် အမြင့် ၆ လက်မ၊ အချင်း ၈ လက်မခန့်ရှိ ကွန်ကြူပိုက်ဖြင့်ပြုလုပ်ထားသော ဒေသန္တရမိုင်းတစ်လုံးအပါအဝင် မိုင်းပြုလုပ်ရာတွင်အသုံးပြု သည့် ကွန်ကြူပိုက်အမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။
ပုဏ္ဏားကျွန်းမြို့ပေါ်၌ ယမန်နေ့ နံနက်ပိုင်းအချိန်တွင် အမှတ်-၅၅၀ နယ်မြေခံတပ်ရင်းမှ အရာတစ်ဦး ဓားထိုးခံ ရပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် တပ်မတော်သားတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။
ထိုသို့ဖြစ်ပွားပြီးနောက် တပ်မတော်မှ ပုဏ္ဏားကျွန်းမြို့ပေါ်အတွင်း ပစ်ခတ်မှုများပြုလုပ်ခဲ့ကာ လုံခြုံရေး တင်းကျပ်စွာဆောင်ရွက်နေပြီး လမ်းသွားလမ်းလာများကိုလည်းပိတ်ပင်ခဲ့ကြောင်း ဒေသခံများကဆိုကြသည်။
ထို့အပြင် တပ်မတော်မှ လုံခြံရေးဆောင်ရွက်နေစဉ်တွင် ဈေးအတွင်းရှိကုန်စုံဆိုင်များနှင့် ဖုန်းအရောင်းဝယ်ရေး ဆိုင်တချို့ကိုလည်း ဖျက်စီးမှုများပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။
“ဧစေတီနားမှာရှိတဲ့ လူပျံဆိုင်ရယ်။ နောက်ဖုန်းအရောင်းဆိုင်တွေကို ဖျက်စီးခဲ့တယ်။ သူတို့ဈေးမှာနေရာယူ ထားတယ်။ လုပ်ချင်သလိုလုပ်နေကြတယ်ပေါ့”ဟု အမည်မဖော်လိုသည့် ဒေသခံကပြောသည်။
ယနေ့ထိ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိဈေးဆိုင်များအားလုံးကိုပိတ်ထားကြပြီး တစ်မြို့လုံးတိတ်ဆိတ်နေကာ မြို့ခံများ မှာလည်း စိုးရိမ်ကြောက်လန့်နေကြသည်။
သေဆုံးသူရုပ်အလောင်းကိုမူ ပုဏ္ဏားကျွန်းဆေးရုံသို့ပို့ဆောင်ထားပြီး ယနေ့တွင်သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။