ကျော်မျိုးအောင်၊ DMG
ဒီဇင်ဘာ ၉၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်(မြောက်ပိုင်း) ဝေလာတောင်ကျေး ရွာသို့ ဝက်သားသွားရောင်းသူတစ်ဦး အာဆာအဖွဲ့နှင့် ထိတ်တိုက်တွေ့၍ ထွက်ပြေးလွတ်မြောက်လာပြီး ၎င်း၏ဆိုင်ကယ်အား မီးရှို့ခံရကြောင်း ခမောင်းဆိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်သိန်းထံမှသိရသည်။

မောင်စံသိန်းဆိုသူသည် ယနေ့ ဒီဇင်ဘာ၉ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာညွှန့်ကျေးရွာမှ ဝေလာတောင်ကျေးရွာသို့ ၀က်သားရောင်းရန်သွားစဉ် ခမောင်းဆိတ်ကျေးရွာအလွန် (အောင်ဇူ)နယ်ခြားစောင့်စခန်း နှင့် ၁ မိုင်ကျော်ခန့်အကွာမှာ ယင်းသို့ဖြစ်ခဲ့ခြင်းဖြစ်သည်။

"ခမောင်းဆိတ်အလွန် အောင်ဇူးစခန်းနား အရောက်မှာ သေနတ်တစ်ချက်ပစ်တယ်။ ကြည့်လိုက်တော့ တောင်ပေါ်က ယူနီဖောင်းတွေနဲ့ သေနတ်တွေကိုင်ပြီး ပြေးဆင်းလာကြတော ဆိုင်ကယ်ကိုချပြီး ခမောင်းဆိတ်ကို ဖြတ်လမ်းကထွက်ပြေးလာခဲ့ရတာ။ အားလုံးအယောက် ၂၀ လောက်ရှိမယ်" ဟု ထွက်ပြေးလွတ်မြောက်လာသူ မောင်စံသိန်းက ဆိုသည်။
ထိုသို့ထွက်ပြေးသွားရာ ၎င်း၌ကျန်ခဲ့သော ဆိုင်ကယ်တစ်စီးမှာ မီးရှို့ခံလိုက်ရသည်။

အလားတူ ၂၀၂၀ မတ်လ ၂၉ ရက်နေ့ကလည်း ယခုအခင်းဖြစ်ပွားခဲ့သည့်နေရာ၌ မင်္ဂလာညွှန့်ကျေးရွာသားများ တောဝက်ထောင်ရန် ဆိုင်ကယ်များဖြင့်သွားရောက်စဉ် အာဆာအဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိသွားပြီး ဆိုင်ကာယ် ၄ စီးမီးရှို့ခံခဲ့ရသည်။

ထို့အပြင် ယခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင်လည်း ယင်းနေရာမှာပင် အောင်ဇူနယ်ခြားစောင့်စခန်းမှ တပ်ဖွဲ့ဝင် ၄ ဦး သည် ဆိုင်ကယ် ၂ စီဖြင့် ခမောင်းဆိတ်‌ကျေးရွာ သို့ဈေးဝယ်ရန်သွားကြရာ အာဆာအဖွဲတိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံးခဲ့သည်။

Author: Admin