DMG | ဖေဖော်ဝါရီ ၁၂

ယနေ့(ဖေဖေါ်ဝါရီလ ၁၂ ရက်)နေ့တွင်ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပေးရာ၌ ရခိုင်ပြည်နယ်မှ အကျဉ်းသား ၆၄၆ ဦး ပါဝင်ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ယင်းသို့လွတ်မြောက်လာသူများထဲတွင် စစ်တွေအကျဉ်းထောင်မှ ၂၃၁ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၁၆၃ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁၅၃ ဦးနှင် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၉၉ ဦးတို့ဖြစ်ကြောင်း သိရသည်။

“ဒီနေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျဉ်းသူ၊အကျဉ်းသားတွေကို အခုလိုလွှတ်ပေးလိုက်တဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်”ဟု စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ဦးလှစိန်အောင်ကဆိုသည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်မြောက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများမပါသေးကြောင်း သိရသည်။

“ဒီအထဲမှာတော့ နိုင်ငံရေးအကျဉ်းသားမရှိဘူး။ ရိုးရိုးပြစ်မှုပြစ်ဒဏ်သမားတွေ၊ မွတ်ဆလင်တွေများတယ်” ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။

ဘူးသီးတောင်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးသည့် အကျဉ်းသား ၁၆၃ ဦးထဲတွင် တိုင်းရင်းသား ၅၆ ဦးနှင့် မွတ်ဆလင် ၁၀၇ ဦး ပါဝင်ကြောင်းသိရသည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “ဘူးသီးတောင်ထောင်က အားလုံး ၁၆၃ ယောက် လွတ်တယ်။ ဘူးသီးတောင်မြို့နယ်က ၁၅ ယောက်၊ မောင်တောမြို့နယ်က ၁၀၃ ယောက်၊ ရခိုင် တစ်ပြည်နယ်လုံးကတော့ ၃၇ ယောက်ပါတယ်။ ကျန်တာက တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေကပါတယ်” ဟု ပြောသည်။

ယနေ့ကျရောက်သည့် ၇၄ နှစ်မြောက် ပြည်ထောင်စုနေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်ဖြင့် မြန်မာပြည်အကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူစုစုပေါင်း ၂၃၃၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြသည်။ နိုင်ငံခြားသား ၅၅ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင်ပါဝင်ကြောင်း သိရသည်။

ထို့အပြင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရသူများကို ထောင်ဒဏ်တစ်သက်(လွတ်ရက်မရှိ)ပြစ်ဒဏ်သို့ ပြောင်းလဲ ကျခံစေရန်၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်လည်း ပါဝင်သည်။

ထောင်ဒဏ်နှစ် ၄၀ အထက် ကျခံနေရသူများကိုမူ ထောင်ဒဏ် နှစ် ၄၀ သို့လျှော့ပေါ့ကျခံစေရန်နှင့် ထောင်ဒဏ် နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ယင်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအမိန့်ဖြင့် ထုတ်ပြန်ထားသည်။

Author: DMG