ခင်သရဖီဦး | DMG
နိုဝင်ဘာ ၄ ၊ စစ်တွေ

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲအား တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်သည်ဟု ကြိုတင် အပြစ်တင်ဆုံးဖြတ်နေခြင်းမှာ မသင့်လျော်ကြောင်း ယနေ့ နိုဝင်ဘာလ ၄ရက်နေ့ ပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားနေမှုများကို သတိပြုရမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကြိုတင်မဲနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများနှင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို ထိပါးအောင်လုပ်နေသည့် အဖွဲ့အစည်းများကိုလည်း ဥပဒေလမ်းကြောင်းအရ စစ်ဆေးသွားမည်ဖြစ် ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

“ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပျက်ပြားဖို့ အချိန်ကိုက် လှုပ်ရှားမှုတွေကိုလည်းအထူး သတိပြုကြ စေ လိုပါတယ်။ အခုရက်ပိုင်းအတွင်း ကြိုတင်မဲနဲ့ ပတ်သတ်လို့ ဝေဖန်ပြောဆိုနေတာတွေရှိနေပါတယ်။ တရားဝင်တိုင်းကြား အမူဖွင့်ထားတာများလည်း ရှိပါတယ်။ ဒီကိစ္စတွေကို ဥပဒေလမ်းကြောင်းအရ စစ်ဆေးဆုံး ဖြတ်သွားဖို့ဖြစ်ပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးကို ထိပါးအောင် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်များမှ လုပ်ဆောင်ကြတယ်ဆိုတာ အဲဒီအချိန်ကျရင် ပေါ်လွင်လာပါလိမ့်မယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။

သို့သော်လည်း အရေးယူရန် စီစဉ်နေသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ အမည်များကိုမှု ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ ယင်းအပြင် မြန်မာနိုင်ငံရှိရွေးကောက်ပွဲကော်မရှင်းမှာ လူအင်းအားအရင်းအမြစ် နည်းပါးသည့်အတွက် ကော်မရှင်းအား ပိုမိုကောင်းမွန်လာစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေး နေရကြောင်းလည်း ဦးဇော်ဌေးက ရှင်းပြသည်။

“ရွေးကောက်ပွဲကော်မရှင် အောက်ခြေအဆင့်ဆင့်မှာလည်း အားနည်းချက်တွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။ စိန်ခေါ်မှုတွေကတော့ ရှိနေမှာပါပဲ။ ကော်မရှင်မှာ အရင်းအမြစ်တွေ နည်းပါတယ်။ လုံခြုံရေးကိုလည်း volunteer (စေတနာ့ဝန်ထမ်း) တွေ ခေါ်ရပါတယ်။ မဲရုံဝန်ထမ်းအဖြစ် အစိုးရဝန်ထမ်းတွေရဲ့ အကူအညီကို ယူရပါတယ်။ ကိုဗစ်ကာ ကွယ်ရေးနဲ့ ပတ်သက်ပြီး ကျန်တဲ့ဝန်ကြီးဌာနတွေက အကူအညီကို ယူရပါတယ်။ ဒီလိုအချိန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပိုမိုအားကောင်းအောင် စနစ်တကျဖြစ်အောင် ဝိုင်းဝန်ကူညီကြဖို့ လိုပါတယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ ကျန်ရစ်ခဲ့သည့် နယ်မြေဒေသများတွင်လည်း တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ဖြစ်မြောက်လာနိုင်ရေး အကုန်လုံးက ကြိုပမ်းဆောင်ရွက်ရမည်ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ၂၁ ရာစု ပင်လုံညီလာခံ အောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သကဲ့သို့ ပြည်သူများ၏ မဲပေးပိုင်ခွင့် မဆုံးရှုံးရေးကိုလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကာ ရွေးကောက်ပွဲကျင်းပရန် ၃ရက်သာ လိုတော့သည်။ သို့သော်လည်း လွတ်လပ်ပြီး တရားမျှသော ရွေးကောက်ပွဲဖြစ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် သံသယရှိကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထွေထွေရွေးကောက်ပွဲနှင့်ပက်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ သတင်းစာရှင်လင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Author: ခင်သရဖီဦး