ခင်သရဖီဦး | DMG
စက်တင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် COVID-19 Postive လူနာ (၂၀)ဦးသာ လက်ခံကုသပေးနိုင်ပြီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ပေါက်တော ဆေးရုံတွင် ပိုးတွေ့လူနာ (၂၀)ဦးအထိ ရှိနေပြီဖြစ်သည်။

သို့သော်လည်း ပေါက်တောဆေးရုံတွင် ထပ်တိုးလူနာများရှိလာပါက မည်သို့လုပ်ဆောင်ကုသပေးမည်ကို ညွှန်ကြားလာခြင်းမရှိသေးဟု ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက DMG သို့ ပြောသည်။

“အခုက တိုးလာတဲ့အနေအထား မရှိသေးတော့ ညွှန်ကြားချက်တော့ မရှိသေးပါဘူး။ ပိုးတွေ့လူနာကိုကြည့်ပြီး တော့မှ ညွှန်ကြားချက်ပေးလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ပေါက်တောဆေးရုံတွင် ကိုဗစ်ပိုးတွေ့လူနာများမှာ ရောဂါလက္ခဏာပြင်းထန်သည့် အနေအထားမရှိသေးဘဲ ပြင်းထန်လူနာများရှိလာပါကလည်း စစ်တွေဆေးရုံသို့ပို့ဆောင်ရမည်ဖြစ်ကြောင်း ပေါက်တောဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုအောင်က ပြောသည်။

“တကယ်လို့ စစ်တွေကလက်ခံရင်တော့ စစ်တွေကို ပို့ပေးရမှာပေါ့။ ညွန်ကြားချက်နဲ့ပဲလုပ်ရမယ်၊ ၂၀ ထက် ပိုပြီးတော့ လက်ခံလို့တော့မရဘူး။ ပေါက်တောမှာ ပြင်းထန်တဲ့လက္ခဏာပြရင်တော့ စစ်တွေကိုပို့ရမယ်” ဟု ၎င်းကပြောသည်။

ပေါက်တောမြို့နယ်တွင် ပိုးတွေ့လူနာများနှင့်ထိတွေ့မှုရှိခဲ့သူများကို ပေါက်တောမြို့ရှိ ဓမ္မာရုံ၊ မြို့တော်ခန်းမ၊ အားကစားခန်းမတို့တွင် ထားရှိသည်ဟုသိရသည်။

စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီအထိ ရခိုင်ပြည်နယ်အတွင်း၌ ရမ်းဗြဲမြို့နယ်မှအပ ကျန်(၁၆) မြို့နယ်တွင် COVID-19 ပိုးတွေ့လူနာ ၄၁၃ အထိရှိလာပြီး ယင်းအထဲမှ ပိုးတွေ့လူနာ ၁၆ ဦးမှာ ရောဂါကင်းစင်သွားပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

Author: ခင်သရဖီဦး