ဖဒူ ထွန်းအောင် /DMG
ဇူလိုင် ၁၈၊ စစ်တွေ
ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် ယာယီရပ်ဆိုင်းခံထားရသော အင်တာနက် ဝန်ဆောင်မှုအား အမြန်ဆုံးပြန်လည် သုံးစွဲခွင့်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအရေးကြီးအဆိုအား NLD အမတ်များကြီးစိုးသည့် ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ရာ ပယ်ချခံရလိုက်သည်။
ယင်းအဆိုအား ရခိုင်အမျိုးသားပါတီ(ANP)၏ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဇူလိုင်လ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာ လွှတ်တော်ဥက္ကဌ က အဆိုကို ခွင့်မပြုဟု အကြောင်းပြန်ခဲ့ကြောင်း အဆိုရှင်က ပြောသည်။
“ကျွန်မတို့က ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်။ပြည်သူ့အသံကို လွှတ်တော်ထဲကိုသွင်းဖို့လည်း တာဝန် လည်းရှိတယ်။တာဝန်လည်းယူထားတယ်။ အဲဒီအတွက်ကြောင့် လတ်တလောဖြစ်ပျက်နေတဲ့ အဆိုတစ်ခု မို့လို့ အရေးကြီးအဆိုတင်သွင်းခဲ့တာဖြစ်တယ်။ဒါပေမယ့် လွှတ်တော်ဥက္ကဌဘက်က ပယ်ချခဲ့တာက ဒီအဆိုဟာ လောလောဆယ်မှာ (အင်တာနက်)ပိတ်ထားတာလည်း ၁ လနီးပါးရှိသွားပြီ။လောလောဆယ်မဟုတ်ဘူးဆိုတဲ့ အကြောင်းပြ ချက်တစ်ခုကိုလည်း ကျွန်မတို့သိရပါတယ်” ဟု ဒေါ်ခင်စောဝေက DMG ကိုပြောသည်။
“ပြည်သူ့အသံ၊လွှတ်တော်အသံ၊ပြည်သူ့ဆန္ဒ၊လွှတ်တော်ဆန္ဒ”အတိုင်း ယခုအဆိုကို လွှတ်တော်တွင်ဆွေးနွေး စေလိုကြောင်း၊အတည်ပြုသည်ဖြစ်စေ၊အဆိုရှုံးသွားသည်ဖြစ်စေ ကိစ္စမရှိကြောင်း၊လွှတ်တော်ကိုယ်စားလှယ်များ အားလုံးပါဝင်ပြီး အင်တာနက်ပိတ်လိုက်ခြင်း၏ ကောင်းကျိုး၊ဆိုးကျိုးများကို ဆွေးနွေးခွင့်ရလျှင် ရလာဒ် တစ်ခုဖြစ်သည်ဟု ၎င်းက ဆက်လက်ဆိုသည်။
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အင်တာနက်ဖြတ်တောက်လိုက်ခြင်းမှာ နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေ စိုးမိုးရေး အတွက်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကပြောသည်။သို့သော် အိုင်တီခေတ်ကြီးတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ဆို့ပြီး သတင်းအမှောင်ချရန် ရည်ရွယ်လုပ်ဆောင်သောလုပ်ရပ်မှာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူမပြုရုံသာမက စစ်ဘေး၊စစ်ဒဏ်၊သဘာဝဘေးဒဏ်ကိုခံစားနေရသည့် ပိုမိုဆိုဝါးသော ဆိုးကျိုးခံစားနေရသည်ဟု ဒေါ်ခင်စောဝေက အဆိုတွင် ထည့်သွင်းပြောကြားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် အင်တာနက် လိုင်းတွေကို ယာယီပိတ်ထားရတာလို့ အကြောင်းပြချက်မှာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ရုံ မက ဒေသတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပိုလို့ ဆိုးရွားလာနေတယ် ”ဟု သူ၏ အဆိုတွင် ထည့်သွင်း ရေးသားထားသည်။
အင်တာနက်အမြန်ဆုံးပြန်ဖွင့်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြီးခဲ့သည့်လက ANP ပါတီဝင်အများဆုံးရှိနေသည့် ရခိုင်ပြည်နယ်လွှတ်တော်၌ အတည်ပြုခဲ့သည်။သို့သော် ထူးခြားမှုရှိမလာ သဖြင့် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းရန် ANP ဘက်က စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ပယ်ချခံလိုက်ရသဖြင့် ဝေဖန်သံများ ထွက်ပေါ်လာသည်။
“အင်တာနက်တွေ ပိတ်တဲ့ကိစ္စ ပြည်သူတွေအခက်အခဲ၊ပြည်သူ့အသံကို လွှတ်တော်ထဲမှာတောင် တင်ပြခွင့် မရဘူးဆိုရင် လွှတ်တော်ဆိုတာ အစိုးရကိုထိန်းညှိနိုင်ဖို့ဝေးပြီ”ဟု ANP ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဖေသန်းက သူ့လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
ယခင်နှစ်များကလည်း ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်များတွင် ရခိုင်အရေးများနှင့်ပတ်သက်၍ ရခိုင် အမျိုးသားပါတီ(ANP)က တင်သွင်းသည့်အဆိုများသည် ရှုံးနိမ့်မှုများ၊ဆက်လက်ဆွေးနွေးရန် သဘောတူခြင်း မရရှိသည့် ဖြစ်စဉ်များလည်းရှိခဲ့ဖူးသည်။အလားတူ ရခိုင် ပြည်နယ်လွှတ်တော်တွင်လည်း NLD ဘက်က တင်သွင်းသည့်အဆိုများ အောင်မြင်မှုရရှိမှုနည်းပါးသည့်ဖြစ်စဉ်များလည်းရှိနေသည်။
မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မြေပုံနှင့် ပလက်ဝမြို့နယ်တို့တွင် ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက်ဖြတ်တောက်ထားလိုက်သည်။
ထို့ကြောင့် ယင်းဒေသက ပြည်သူများသည် သတင်းအချက်အလက်ရရှိမှုနည်းပါးသွားခြင်း၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး လုပ်ငန်းတို့ ဆောင်ရွက်ရာတွင်လည်း အခက်အခဲများဖြစ်ပေါ်နေသည်။





