ပလက်ဝတွင် ဆန်အိတ်များကို ဈေးနှုန်းသက်သာစွာဖြင့် ချင်းပြည်နယ်အစိုးရမှ ရောင်းချပေးမည်

“ပထမအကြိမ်ဆန်အိတ် ၁၇၀၀ ကျော်ကိုလည်း စစ်ဘေးရှောင်တွေကိုပေးခဲ့ပြီးတော့ ဒေသခံတွေကို ဈေးသက်သာစွာနဲ့ရောင်းပေးခဲ့တယ်။ ဒီအတောအတွင်းမှာ ဆန်အိတ်နှစ်ထောင်ကျော်ကို ပခုက္ကူကနေ ဆမီးက ရောက်တော့ အဲဒါကိုလည်းမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို ဈေးသက်သာနဲ့ရောင်းချပေးမယ်” ဟု ၎င်းက ရှင်းပြသည်။

By မျိုးသီရိကျော် 17 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၁၇ ၊ ပလက်ဝ

ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်အိတ်များကို ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ပလက်ဝမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်၍ ကုန်ဈေးနှုန်းမြင့်မားလာခြင်းကြောင့် ဒေသခံ များမှာ စားဝတ်နေရေးအဆင်မပြေဖြစ်နေကြသဖြင့် ဆန်အိတ်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ပထမအကြိမ်ဆန်အိတ် ၁၇၀၀ ကျော်ကိုလည်း စစ်ဘေးရှောင်တွေကိုပေးခဲ့ပြီးတော့ ဒေသခံတွေကို ဈေးသက်သာစွာနဲ့ရောင်းပေးခဲ့တယ်။ ဒီအတောအတွင်းမှာ ဆန်အိတ်နှစ်ထောင်ကျော်ကို ပခုက္ကူကနေ ဆမီးက ရောက်တော့ အဲဒါကိုလည်းမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို ဈေးသက်သာနဲ့ရောင်းချပေးမယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ရောင်းချရာတွင် ဆန်ကြမ်းတစ်အိတ်လျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ထို့ပြင် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့အကြား ကုန်းလမ်းခရီးအဆင်ပြေပါက ဆန်အိတ်အပြင် အခြား လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကိုလည်း ကုန်သွယ်ပေးမည်ဖြစ်ကြောင်း ဦးစိုးထက်ကဆိုသည်။

ကုန်ဈေးနှုန်းမြင့်မားနေချိန် ယခုကဲ့သို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းမှာ စားဝတ်နေရေးလည်း  ယခင်ကဲ့သို့ ကြပ်တည်းတော့မည်မဟုတ်ကြောင်း ပလက်ဝဒေသခံ ကိုမင်းအောင်ကပြောသည်။

“တစ်ယောက်ဆန် ၂ ပြည်ရောင်းချပေးတယ်။ တစ်ပတ်စာပေါ့နော် အဲဒါကုန်ရင် စားစရာဆန်မရှိတော့ဘူး။ ဒါကြောင့် ရောင်းချပေးရင်လည်း လူတစ်ယောက်ကို တလစာလောက်ရောင်းပေးစေချင်ပါတယ်။ ထမင်း အလွန်တရာစားတတ်တဲ့ မိသားစုတွေဆိုရင် မလောက်ဘူးဖြစ်နေတယ်။ ဒါပေမဲ့လည်း အခုလိုမျိုး ရောင်းချ ပေးတာကောင်းပါတယ်” ဟု ၎င်းကဆိုသည်။

ဆမီးနှင့် ပလက်ဝ ကုန်သွယ်ရေးလမ်းကို တစ်ပတ်လျှင်တစ်ကြိမ်ခန့် ကုန်သွယ်မှသာ ဒေသခံတို့မှာ  စားဝတ် နေရေး အဆင်ပြေမည်ဖြစ်ကြောင်း၊ တစ်လလျှင် တစ်ကြိမ်ခန့်သာ ကုန်သွယ်မည်ဆိုပါက ယခင်ထက် ကုန်ဈေးနှုန်း တက်သွားမည်ဖြစ်ကြောင်း  ပလက်ဝဒေသခံ ဦးအောင်အောင်ကပြောသည်။

“ဆန်အိတ်တွေကို ဆမီးကပလက်ဝကို တစ်ပတ်တကြိမ်လောက်ပို့မှသာ အဆင်ပြေမှာ၊ မဟုတ်ရင် အဆင်ပြေ မှာမဟုတ်ဘူး။ ဆန် ၂ ပြည်ဆိုတာ တစ်ပတ်စာပဲရှိတယ်။ အဲဒါကုန်ရင် စားစရာဆန်မရှိတော့ဘူး။ ဒါကြောင့် ဆန်အိတ်များများရောင်းပေးစေချင်ပါတယ်။ အဲ့ဒီအချိန်ကျမှ ဒေသခံတွေအကုန်လုံးအဆင်ပြေသွားမှာပါ” ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကို ရေလမ်းကြောင်းသော်လည်းကောင်း၊ စမီးနှင့်ပလက်ဝကို ကုန်းလမ်းကြောင်းသော်လည်းကောင်း တစ်ခုခုဖွင့်ပေးစေချင်ကြောင်း ဒေသခံများက တောင်းဆိုကြသည်။