ဓာတ်ပုံ - ကဏ္ဍစုံလင်​ ​လေး​တောင်​တခွင် fb

စုမွန်/ DMG

ဇူလိုင် ၇၊ စစ်တွေ

ရမ်းဗြဲမြို့နယ်၊လေးတောင်တိုက်နယ်မှ လူ(၂၀)ဦးခန့် တင်ဆောင်လာသည့် ခရီးသည်တင် စက်လှေ တစ်စီးသည် ယနေ့ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်ခန့်က နစ်မြုပ်ခဲ့ရာ ခရီးသည် တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

ယင်းစက်လှေသည် လေးတောင်တိုက်နယ်မှ ကျောက်ဖြူမြို့သို့ ခရီးသည် ပို့ဆောင်ရာတွင် လမ်း၌ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်က စက်လှေများဖြင့် ကယ်ဆယ် ရေးပြုလုပ် သောကြောင့် တခြားသူ များ အသက်ရှင်သန်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

 “အကြောင်းကတော့ အများကြီးပဲဖြစ်မှာပါ။ မိုးရွာနေ တာ၊ လေတိုက်တာကော၊ လှိုင်းကြီးတာကော၊ နည်းနည်းဝန်အပိုတင်တာတွေကြောင့်ဖြစ်မှာပါ ” ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဆိုသည်။

ဒဏ်ရာရရှိသူတစ်ဦး ဇင်ချောင်းဆေးရုံသို့ပို့ဆောင်လိုက်ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ နှင့် ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးဌာနတို့က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ခရီးသွားလာရာ၌ ရေကြောင်းကို အဓိက အသုံးပြုပြီးသွားလာနေရသဖြင့် ခရီးသည်တင် စက်လှေများ မကြာခဏနစ်မြှုပ်မှုရှိနေသည်။ဇူလိုင်လ ၅ ရက်နေ့ကလည်း ခရီးသည် စက်လှေးတစ်စီး နစ်မြုပ်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးခဲ့သည်။

Author: Admin