နှင်းနွယ် | DMG                                  
ဒီဇင်ဘာ ၂၅ ၊ စစ်တွေ

အမ်းမြို့နယ်တွင် ဒီဇင်ဘာလ (၂၁) ရက်နေ့က အသက် (၁၆) နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး အဓ္ဓမပြုကျင့်ခံခဲ့ရပြီး ကျူးလွန်သူအမျိုးသားနှစ်ဦးအနက် တစ်ဦးလွတ်မြောက်နေကြောင်း အမ်းမြို့နယ်ရဲစခန်းနှင့် မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ အဓ္ဓမပြုကျင့်ခံရသည့်နေ့ ည(၇)နာရီခွဲ အချိန်ခန့်က ၎င်း၏ညီမဖြစ်သူနှစ်ဦးနှင့်အတူ မိမိ၏နေအိမ်နှင့် ငါးအိမ်ကျော်ရှိသည့်နေအိမ်သို့ တီဗွီကြည့်ရန်သွားရာမှ ညီမဖြစ်သူတို့မှာ ကျောင်းဆရာ နေအိမ်သို့ အကသင်ရန် ထွက်သွားခဲ့ကြကြောင်း မိသားစုဝင်များကပြောသည်။

ထို့နောက် ကျူးလွန်ခံရသည့် အမျိုးသမီးငယ်တစ်ဦးတည်း တီဗီကြည့်၍ပြန်လာရာမှ အရက်မူးနေသည့် လူနှစ်ဦးနှင့်တွေ့ကာ ရွာတစ်ဖက်ကမ်းသို့ ပါးစပ်ကိုပိတ်ပြီး အတင်းအဓ္ဓမ ဆွဲခေါ်ခံခဲ့ရခြင်းဖြစ်သည်ဟု ကာယကံရှင်၏ ပြောဆိုချက်ကို မိသားစုဝင်များကပြောပြသည်။

“အဲဒီနေ့က ကျမအိမ်မှာထိုင်နေတဲ့အချိန် ချောင်းတစ်ဖက်ကမ်းက ငိုသံကြားတဲ့အတွက် ကလေးတွေကို စိတ်မချလို့ဆိုပြီး ကျမယောကျာ်းကို သွားရှာခိုင်းတော့ ကလေးရဲ့ဖိနပ်တစ်ဖက်နဲ့အဝတ်ကိုတွေ့တယ်။ ဒါကြောင့် ရဲစခန်းကိုရော၊ အုပ်ချုပ်ရေးမှူးကိုရော အကြောင်းကြားခဲ့ပြီး ပြန်လာရှာတော့ သူတို့နှစ်ယောက်ကို တွေ့တာ။ တစ်ယောက်ကတော့ ပြေးသွားတယ်။ နောက်တစ်ယောက်ကိုတော့ ဖမ်းမိလိုက်တယ်” ဟု ကျူးလွန်ခံရသည့် ကလေးငယ်၏ မိခင်ဖြစ်သူက ပြောသည်။

ကျူးလွန်ခံရသည့် အမျိုးသမီးငယ်မှာ ကျူးလွန်ခံရပြီးနောက်တစ်နေ့တွင် ဆေးစစ်ဆေးမှုများ ခံယူခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဓ္ဓမပြုကျင့်ခဲ့သည့် အမျိုးသားနှစ်ဦးမှာ အမ်းမြို့နယ်၊ ကမ်းဒိတ်ကျေးရွာနေ ကိုသက်ပြင်း (၂၂) နှစ်နှင့် မောင်သောင်းဖေ (၂၅) နှစ်တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူနှစ်ဦးထဲမှ ကိုသက်ပြင်းဆိုသူအား အမ်းမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်းလည်း မိသားစုဝင်များက ပြောသည်။

“ကျူးလွန်သူထဲက တစ်ယောက်ကတော့ လွတ်မြောက်နေဆဲပဲ။ ကျနော်တို့ကလည်း နောက်တစ်ယောက်ကိုပါ ဖမ်းမိနိုင်ဖို့အတွက် ရှာဖွေစုံစမ်းတာတွေ လုပ်ဆောင်နေပါတယ်” ဟု အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အမ်းမြို့နယ်ရုံးခွဲတာဝန်ခံ ဦးကျော်ဆန်းနိုင် (အထက်တန်းရှေ့နေ) ကလည်း ကျူးလွန်ခံရသည့် ကလေးငယ်၏ တရားရုံး၌ ဖြစ်ပျက်လာသည့်အမှုကိစ္စများအားလုံးကို အစွမ်းကုန် လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

“ကလေးက အသက် (၁၆) ဝန်းကျင်ဆိုတော့ သက်ငယ်မုဒိန်းမှုဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် တရားစွဲ တင်တဲ့အခါ ခရိုင်မှာစွဲတင်ရမယ်။ လောလောဆယ်တော့ ကျနော်တို့အနေနဲ့ အဲဒီကလေးငယ်ကို ခွန်အားဖြစ်စေမယ့် စကားတွေပြောပြီး နှစ်သိမ့်ပေးတာတွေ လုပ်ဆောင်ပေးနေတယ်။ ဒါပေမယ့် တရားရင်ဆိုင်ရတဲ့ အချိန်မှာ ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ဖက်က အစွမ်းကုန် လုပ်ဆောင်ပေးသွားမယ်လို့တော့ မိသားစုဝင်တွေကို ပြောပြထားတယ်” ဟု ဦးကျော်ဆန်းနိုင်က ဆိုသည်။

မိသားစုဝင်များအနေဖြင့် ထွက်ပြေးလွတ်မြောက်နေသူတစ်ဦးကိုပါ ရှာဖွေဖမ်းဆီးပြီး တရားဥပဒေအရ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် လိုလားနေကြသည်။

Author: Admin