ဉာဏ်ဟိန်း| DMG
ဒီဇင်ဘာ ၄ ၊ စစ်တွေ

ပေါက်တောမြို့နယ်၊ ငှက်ချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းတွင် အသက်(၁၂)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား လူ ၃ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

အသက် ၁၂ အရွယ် မွတ်ဆလင်အမျိုးသမီးငယ်အား အဒူဂေါးဘူ(၃၃)နှစ်၊ ဇူဘိုင်(၂၈)နှစ်၊ မော်လဝီဟိုက်ဒေါရ်အာလီ(၄၄)နှစ်တို့က နိုဝင်ဘာ (၂၉)ရက်နေ့တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ငှက်ချောင်းဒုက္ခသည်စခန်းတာဝန်ခံ ဦးမောင်နိုးမိယာ(ခ)စိုးနိုင်က DMG သို့ပြောသည်။

“သူ့ကို မော်လဝီက ငွေခိုးတယ်ဆိုပြီးတော့ ခေါ်သွားတယ်။ သူမက မခိုးဘူးပြောတော့ သူတို့က မပြောဘူးလား ဆိုပြီးတော့ လယ်ကွင်းပြင်မှာ မုဒိန်းကျင့်လိုက်ကြတာ။ ဒဏ်ရာတွေကတော့ လက်မှာ ကတ်ကြေးနဲ့ထိုးထားတဲ့ ဒဏ်ရာတွေပါတယ်။ အခုတော့ ဆေးရုံပို့လိုက်ပါပြီ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါအမျိုးသမီးငယ်သည် မော်လဝဟိုက်ဒေါရ်အာလီဆိုသူ မွတ်ဆလင်အမျိုးသား၏နေအိမ်တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါအမျိုးသမီးငယ်၏ ဦးလေးဖြစ်သူ ဦးမောင်နုက “ကျ‌နော့်တူမက ငွေခိုးတာလည်းမဟုတ်ဘဲ  သူတို့ စွပ်စွဲတာ။ သူတို့က(မုဒိန်းကျင့်သူတွေ)က အခုစခန်းမှာမရှိဘူး။ ကျွန်တော့်အနေနဲ့တော့ ဒီကိစ္စကိုအမှုမှန် ပေါ်ပေါက်စေချင်တယ်။ တူမလေးကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ ရဲစခန်းမှာတော့ အမှုဖွင့် ထားတယ်” ဟု ပြောသည်။

၎င်းတို့သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၄၂၊ ၃၇၆၊ ၃၅၄၊ ၁၄၄ တို့ဖြင့် စစ်ဆေးနေကြောင်း ပေါက်တောမြို့မ ရဲစခန်းမှ ဒုရဲမှူးလှသိန်းက DMG သို့ ပြောဆိုသည်။

“လက်ရှိတော့ တိုင်ချက်အပေါ်မူတည်ပြီးစစ်ဆေးနေတယ်။ သူတို့စွပ်စွဲတာတော့ သုံးယောက်ပေါ့။ ပုဒ်မ(၅)ခုနဲ့ ဖွင့်ထားတာပေါ့၊ မှုခင်းပိုင်းကျတော့ကျ‌နော်စစ်တယ်။ ဆေးပိုင်းဆိုင်ရာကျတော့ ဆရာဝန်က စစ်ဆေးနေတယ်” ဟု ၎င်းကရှင်းပြသည်။

လက်ရှိအချိန်၌ ၎င်းတို့သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ဖမ်းမမိသေးကြောင်း သိရသည်။

ထိုသို့ ပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့မှ အတွင်းရေးမှူး စောသီရိရည်မွန်က ပြောသည်။

Author: Admin