ဓါတ်ပုံ - ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်၌ မီးလောင်သွားသည့် မောင်တောမြို့ပေါ်ရှိ ရက်ပွက် (၅) က မီးလောင်ပြင်အား တွေ့ရစဉ်။

ကျော်မျိုးအောင် | DMG
ဒီဇင်ဘာလ ၂၄ ၊ မောင်တော

မောင်တောမြို့နယ်တွင် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း နေအိမ်များမီးလောင်ဆုံးရှုံးသွားသည့် မိသားစုများကို အစိုးရမှ နေအိမ်များဆောက်လုပ်ပေးပြီး မူလနေရာ၌ ပြန်လည်နေရာချပေးသွားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မီးလောင်ဆုံးရှုံးသွားသည့် မိသားစုဝင်များမှာ နေရပ်မစွန့်ခွာဘဲ ဆွေမျိုးမိသားစုဝင်များနေအိမ်တွင် ခိုလှုံနေရသည့်အတွက် မူလနေထိုင်ခဲ့သည့် ကျေးရွာများတွင် ဆောင်လုပ်ပေးမည်ဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG သို့ ပြောသည်။
 
“ဟုတ်ပါတယ်။ နေအိမ် ၅၀၀ လောက် ဆောက်လုပ်နေရာချပေးသွားဖို့ရှိတယ်။ ၂၀၁၇ ခုနှစ်ဖြစ်စဉ်မှာ နေအိမ်တွေ မီးလောင်သွားခဲ့ပေမယ့် ကျေးရွာတွေ မပျက်စီးဘူး။ သူတို့ကလည်း နေရပ်မစွန့်ခွာဘဲ ဆွေမျိုးနေအိမ်တွေမှာ နေထိုင်နေကြသူတွေကို သူတို့ရဲ့ ယခင်နေထိုင်ခဲ့တဲ့ မူလနေရာတွေမှာ နေအိမ်တွေဆောက်ပြီး ပြန်လည်နေရာချပေးသွားမှာဖြစ်တယ်” ဟု ပြောသည်။

ထိုသို့ တည်ဆောက်ပေးမည့် နေရာများမှာ မောင်တောမြို့ပေါ်ရှိ ရပ်ကွက် (၅) ထဲက မီးလောင်ပြင်နှင့် သီဟိုဠ်ကျွန်းကျေးရွာ၊ ကျောက်လှေကားကျေးရွာ၊ အလယ်သံကျော်ကျေးရွာ၊ ပဒင်းကျေးရွာ၊ ကျားခေါင်းတောင်ကျေးရွာ၊ သဲချောင်းပျေးရွာ၊ ကျွန်းပေါက်ပြုစုကျေးရွာ စသည့် ကျေးရွာများ၌ နေအိမ်များ ဆောင်လုပ်ပေးမည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်လည်း မောင်တောမြို့နယ်တောင်ပိုင်း ပဒင်းကျေးရွာမှ မွတ်ဆလင်နေအိမ် ၅၈ အိမ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ညောင်ချောင်း မွတ်ဆလင်ကျေးရွာတွင် ၃၂ အိမ်နှင့် မောင်တောမြို့နယ်မြောက်ပိုင်း ကျောက်လှေကား မွတ်ဆလင်ကျေးရွာရှိ နေအိမ် ၁၃၉ အိမ် စုစုပေါင်း နေအိမ် ၂၂၉ အိမ်ကို ပြန်လည်ပြုပြင်နိုင်ရန် နိုင်ငံတော်အစိုးရမှ နေအိမ်တစ်လုံးလျှင် ထောက်ပံ့ငွေ ၂၅၂၅၀၀ ကျပ်နှင့် ပျက်စီးမှုနည်းသော နေအိမ်တစ်လုံးလျှင် ၁၂၂၅၀၀ ကျပ်စီအား ထောက်ပံ့ပေးပေးအပ်ခဲ့သည်။

Author: Admin