
ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၅ ၊ စစ်တွေ
ကိုဗစ်ကူးစက်မှုကြောင့် သုံးလကြာ ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများကို ဒီဇင်ဘာ ၁၆ ရက်နေ့မှစပြီး ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့က ထုတ်ပြန်ထားသည်။
သို့သော်လည်း ၃၆ နာရီအတွင်း စစ်ဆေးထားသည့် ပိုးမရှိကြောင်း ထောက်ခံချက်ပါမှသာ လေယာဉ်စီးနင်းခွင့် ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ပုဂ္ဂလိက သို့မဟုတ် အစိုးရဆေးရုံ/ ဆေးခန်း/ ဓာတ်ခွဲခန်းများတွင် လေယာဉ်လက်မှတ်ပြ၍ဖြစ်စေ သက်ဆိုင်ရာလေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ စစ်ဆေးနိုင်သည်။
ခရီးသည်များအနေဖြင့် စစ်ဆေးမှုစရိတ်များကို မိမိစရိတ်ဖြင့် ပေးချေရမည်ဖြစ်ပြီး သတ်မှတ်ထားသော နေရာများတွင် Covid-19 ရောဂါကင်းစင်ကြောင်း စစ်ဆေးမှု ပြုလုပ်ပေးရမည်ဖြစ်၍ Check-In ပြုလုပ်ရာတွင် ၃၆ နာရီအတွင်း စစ်ဆေးထားသော ပိုးမတွေ့ရှိသည့် အဖြေဖြစ်မှသာ လိုက်ပါရမည်ဖြစ်သည်။
ယင်းအပြင် Covid-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ စီးနင်းခွင့်ပြုမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်တွေမြို့မှ ပြည်တွင်းလေကြောင်းလိုင်းများတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များကို စစ်တွေတက္ကသိုလ်ကျောင်းဟောင်းရှိ သတ်မှတ်နေရာတွင် နေ့လည် (၁) နာရီ မှ (၃)နာရီ အတွင်း စစ်ဆေးပေးမည်ဖြစ်သည်။
“ဆေးလက်မှတ်ပါသည့် တိုင်အောင် Stay Home ကနေ Stay Home မြို့ကို သွားရင် ဘာမှ မဖြစ်ပေမယ့် Stay Home မရှိတဲ့ မြို့နယ်ကိုသွားရင် Q ဝင်ရမယ်။ Stay Home ကနေ Stay Home မြို့ကိုသွားရင် Q ဝင်စရာ မလိုဘူးလို့ ကြေငြာထားပေမယ့် ဒေသအာဏာပိုင်တွေက ဝင်ရမယ်ဆိုရင် ဝင်ရမယ်” ဟု မိကာခရီးသွားလာရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးအေးအောင်က ပြောသည်။
သက်ဆိုင်ရာ မြို့နယ်များသို့ လေယာဉ်ရောက်ရှိပါက ဒေသဆိုင်ရာ ကျန်းမာရေးဌာန၏ စစ်ဆေးမှုများ၊ လိုအပ်သော အသွားအလာ ကန့်သတ်ထားရှိခြင်းနှင့် ဒေသန္တရဆိုင်ရာ အမိန့်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ဒီရောဂါတစ်ခုတည်းကြောင့် မဟုတ်ဘူး။ တခြားရောဂါကြောင့် သေတဲ့ဟာတွေလည်း အများကြီးပဲ။ အဲတော့ ဒီရောဂါတစ်ခုတည်းတင် မဟုတ်ဘူး။ ဆရာတို့မှာ စီးပွားရေး၊ လူမှုရေးတွေလည်း ရှိတယ်။ အဲဒါကြောင့် လိုအပ်တဲ့အတွက် နိုင်ငံတော်က ခွင့်ပြုတယ်။ အဲဒီအတိုင်းပဲ သွားမှာပါ” ဟု ပြောသည်။
လေယာဉ်လက်မှတ်ဝယ်ယူပြီး ဆေးစစ်ရာတွင် ပိုးတွေ့ရှိပါက လေယာဉ်လက်မှတ်ဝယ်ထားသော ငွေကို ပြန်လည်ပေးဆောင်မည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်များက ပြောဆိုကြသည်။
ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြန်လည် ပြေးဆွဲမည်ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ ပြည်ပလေကြောင်း ခရီးစဉ်ပြေးဆွဲမှုကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပိတ်ပင်ထားမည်ဖြစ်သည်။




