နေရောင်မင်း | DMG

ဇွန် ၈၊ စစ်တွေ

ရခိုင်ပြည်နယ်တွင်၂၀၁၇ ခုနှစ်က စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာမှုကင်းရှင်းအောင် ဆောင်ရွက်လာပြီးနောက်ပိုင်း အောင်ချက်ရာခိုင်နှုန်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကာ ယခု ၂၀၁၉ ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၂၃.၉၇ ရာခိုင်နှုန်းအထိရှိလာသည်။

မသမာမှုကင်းရှင်းအောင် စတင်ဆောင်ရွက်သည့် ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးအဆင့်ဖြင့် ရပ်တည်ခဲ့ရသည်။ ထို့နောက် ၂၀၁၈ ခုနှစ်တွင် ၂၁. ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာကာ ယခု ၂၀၁၉ ခုနှစ်တွင် ၂၃.၉၇ ရာခိုင်နှုန်းအထိ မြင့်မားလာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စာစစ်ဌာန (၁၂၂)ခု ဖွင့်လှစ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၄၂၄၁၆ ဦး အနက်မှ ၁၀၁၆၅ ဦးသာ အောင်မြင်ခဲ့သည်။ စုစုပေါင်း စာမေးပွဲကျသူ ၃၂၂၅၁ ဦး ရှိသည်။

ယခုနှစ်တွင် ကချင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၉.၂၈ ၊ ကယားပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၇.၉၆ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၇.၆၇ ၊ ချင်းပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်း မှာ ၁၉.၅၉ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်း၏ အောင်ချက်ရာခိုင်နှုန်းမှာ ၃၄.၁၅ ရာခိုင်နှုန်းဖြစ်သည်။

ထို့အပြင် တနင်္သာရီတိုင်း၏ အောင်ချက်ရာခိုင်နှုန်းမှာ ၃၃.၇၈ ရာခိုင်နှုန်း၊ ပဲခူးတိုင်း(အရှေ့)၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၆.၇၆ ၊ ပဲခူးတိုင်း(အနောက်) အောင်ချက်ရာခိုင်နှုန်းမှာ ၂၉.၄၆ ၊ မွန်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၃၇.၅၄ ၊ မကွေးတိုင်း အောင်ချက်ရာခိုင်နှုန်းမှာ (၃၂.၂၉)၊ မန္တလေးတိုင်းအောင်ချက်ရာခိုင်နှုန်းမှာ (၃၆.၁၃)တို့ဖြစ်သည်။

အလားတူ နေပြည်တော် အောင်ချက်ရာခိုင်နှုန်းမှာ (၃၀.၈၆)၊ ရန်ကုန်တိုင်း အောင်ချက်ရာခိုင်နှုန်းမှာ ( ၃၂.၆၃)၊ ရှမ်းပြည်နယ်(တောင်) အောင်ချက်ရာခိုင်နှုန်းမှာ (၂၇.၆၉)၊ ရှမ်းပြည်နယ်(မြောက်) အောင်ချက်ရာခိုင်နှုန်းမှာ (၃၁.၅၁)၊ ရှမ်းပြည်နယ်(အရှေ့) အောင်ချက်ရာခိုင်နှုန်းမှာ ( ၂၀.၇၉)၊ ဧရာဝတီတိုင်းတိုင်း အောင်ချက်ရာခိုင်နှုန်းမှာ(၂၈.၉၀)၊ နိုင်ငံခြားအောင်ချက်ရာခိုင်နှုန်းမှာ ( ၄၆.၂၂ ) တို့ဖြစ်ကြသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်ရှိ ကျောင်းအသီးသီးက (၆)ဘာသာဂုဏ်ထူးရှင် (၁၆)ဦး ထွက်ပေါ်လာကာ ကချင်ပြည်နယ်တွင် (၈)ဦး၊ စစ်ကိုင်းတိုင်းတွင် (၃၄)ဦး၊ တနင်္သာရီတိုင်းတွင်(၁)ဦး၊ ပဲခူးတိုင်း(အရှေ့) တွင် (၁)ဦး၊ ပဲခူးတိုင်း(အနောက်)တွင် (၂)ဦး၊ မွန်ပြည်နယ်တွင် (၆)ဦး၊ မကွေးတိုင်းဒေသကြီးတွင်(၃၁) ဦး၊ မန္တလေးတွင် (၂၂၀)၊ နေပြည်တော်တွင် (၂၂)ဦး၊ ရန်ကုန်တိုင်းတွင် (၁၇၅)ဦး၊ ရှမ်းပြည်(တောင်)တွင် (၄)ဦး၊ ဧရာဝတီတိုင်းတွင် (၁၇)ဦးတို့ ဘာသာစုံဂုဏ်ထူးထွက်ပေါ်ခဲ့သည်။

ကယား၊ ကရင်၊ ချင်း၊ ရှမ်း(မြောက်)နှင့် ရှမ်း( အရှေ့ )၊ နိုင်ငံခြားတို့တွင် ဘာသာစုံဂုဏ်ထူးရှင် ထွက်ပေါ်ခြင်းမရှိပေ။

Author: နေရောင်မင်း(စစ်တွေ)