ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား သုံးဦးအား အောက်တိုဘာ ၆ ရက်နေ့တွင် ပထမအကြိမ်အဖြစ် စစ်တွေမြို့နယ်တရားရုံးသို့ ရုံးထုတ် ခဲ့သော်လည်း စစ်ဆေးမှုမရှိခဲ့ကြောင်း ကျောင်းသားများထံမှ သိရသည်။

“ရှေ့နေလည်းရောက်တယ်။ တရားသူကြီးလည်းရောက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ၂၀ ရက်နေ့ ထပ်ချိန်းလိုက်တယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ကို ရှင်းပြတာမရှိဘူး” ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ဆိုသည်။

အဆိုပါကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်ပိုင်းသုံးဦးဖြစ်ကြသည့် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် “4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No bloody Government ၊ No Murder Government ၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ” စသည့် အချက် ၅ ချက်ကို ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့သောကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)ဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်သည်။

“အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ အမှုကိုဆွဲထားတာလို့ ထင်တယ်။ တကယ်တမ်း ကျနော်တို့အမှုကို ဖြတ်လိုက်ရင် ပြတ်သွားနိုင်တာကို” ဟု ကိုကျော်နိုင်ဌေးက ပြောသည်။

ထိုသို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့်အတူ ရပ်တည်ကာ မန္တလေးတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဗကသ ကျောင်းသားများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅(က)၊(ခ) ဖြင့် တရားစွဲဆိုခံနေရသော ကျောင်းသား ၂ ဦးအား အောက်တိုဘာ ၅ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်တရားရုံးက ထောင်ဒဏ် (၂)နှစ် လည်းကောင်း၊ အောက်တိုဘာ ၆ ရက်နေ့၌ အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် (၁) နှစ် လည်းကောင်း ချမျတ်ခဲ့သည်။

ထို့ပြင် ဗကသကျောင်းသားတစ်ဦးမှာလည်း ငြိမ်းစုစီပုဒ်မဖြင့် ထောက်ဒဏ် (၁)လချမှတ်ခံခဲ့ရကြောင်း၊ လက်ရှိတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီ စသည့်ဥပဒေတို့ဖြင့် အမှုဖွင့်ခံထားရသည့် ဗကသ ကျောင်းသား ၁၅ ဦးရှိသည်။

Author: Admin