
ကျော်သူဌေး | DMG
ဒီဇင်ဘာ ၂၂၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများကို တားဆီးရန် ရက္ခိုင့်တပ်တော်(AA) က ညွှန်ကြားထားပြီးနောက်ပိုင်း မြို့နယ်အချို့တွင် သတိပေးစာရွက်များ ကပ်ထားသည်ကို အများအပြား တွေ့လာရသည်။
ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့ပေါ် ရပ်ကွက်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာရွက်များ ကပ်ထားသည်ကို အောက်တိုဘာလ နောက်ပိုင်းတွင် ခပ်စိပ်စိပ် တွေ့လာရခြင်းဖြစ်သည်။
မင်းပြားမြို့ပေါ်ရှိ ဓာတ်မီးတိုင်များတွင် အဆိုပါ သတိပေးစာများကပ်ထားသည်ကို မြို့သူမြို့သားများက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တွေ့ရှိခဲ့ကြသည်။ မည်သည့်အဖွဲ့အစည်းက ကပ်သွားသည်ကို တိတိကျကျမသိရသော်လည်း ယခုလိုတားဆီးခြင်းသည် ကောင်းမွန်သည့် လက္ခာတစ်ရပ်ဖြစ်သည်ဟု မြို့ခံများက လက်ခံကြသည်။
“ မူးယစ်ဆေးဝါးကကျတော့ လူမျိုးတုန်းစေတယ်။ အညွန့်တုန်းစေတယ်လေနော်။ အဲလိုမျိုးဖြစ်တဲ့ဟာတွေကို အခုလိုမျိုး တားဆီးတဲ့စာတွေ ကပ်တာကကျတော့ ဘယ်သူကပဲကပ်ကပ် ကျွန်တော်တို့က အားပေးပါတယ်။” ဟု မင်းပြားဒေသခံ ကိုညီညီအောင် က ပြောသည်။
မူးယစ်ဆေးဝါးသည် လူငယ်များကို အကျင့်စာရိတ္တပျက်ပြားစေသည်။ ထို့ကြောင့် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများကို တားဆီးရန်အတွက် ရက္ခိုင့်တပ်တော် (AA) က ညွှန်ကြားထားသည်။ သို့သော်လည်း မည်သည့်နေရာများတွင် စတင်လုပ်ဆောင်နေပြီ ဆိုသည်ကိုတော့ မသိရသေးဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောသည်။
“ကျနော်တို့ကတော့ မူးယစ်ဆေးဝါးကြောင့် အကျင့်စာရိတ္တပျက်ပြားနေတဲ့ လူငယ်တွေကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ အကျင့်စာရိတ္တပြုပြင်ပေးဖို့အတွက် လုပ်ဆောင်သွားဖို့ရှိတယ်။ အခု ဘယ်နေရာတွေမှာ ဘာတွေလုပ်နေကြပြီလဲ ဆိုတာကို ကျနော်တို့အောက်ခြေကို လှမ်းမေးရမယ်” ဟု ခိုင်သုခ က ဆိုသည်။
ယခုကိစ္စသည် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို တာဝန်ယူထားသည့် အဖွဲ့အစည်းများက ထိထိရောက်ရောက် မဆောင်ရွက်သည့်အတွက်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်သူများကြား ဝေဖန်မှုများ ရှိနေသည်။
စစ်တွေမြို့မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးငြိမ်းချမ်းကတော့ ရခိုင်ပြည်အနာဂတ် ကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် မည်သည့်အဖွဲ့အစည်းက လုပ်သည်ဖြစ်စေ ကြိုဆိုထောက်ခံကြောင်း ပြောသည်။
“ကျနော်တို့က ကောင်းတယ်လို့ ယူဆတယ်။ ကောင်းတဲ့လက္ခဏာလည်းဖြစ်တယ်။ ရခိုင်ပြည်အနာဂတ်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ဟာဖြစ်တယ်။ လူငယ်တွေအတွက် အရေးကြီးတဲ့အတွက်လည်း ဘယ်သူပဲလုပ်လုပ် ကျနော်တို့ ကြိုဆိုတယ်။” ဟု ၄င်းက ဆိုသည်။
လတ်တလောတွင် ယခုကဲ့သို့ သတိပေးစာများ ကပ်ထားသည့် မြို့နယ်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူ ၃၀ ဦးထက်မနည်းကို AA က ဖမ်းဆီးထားသည့် ဆိုသည့် သတင်းများလည်း ပေါ်ထွက်နေသည်။




